ရှေ့သို့
Image

အသင်းရဲ့ချန်ပီယံလိဂ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရလို့ အမ်မရီချန် အံ့အားသင့်ပေါက်ကွဲ

9:09 PM, 4 September

ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ အမ်မရီချန်ဟာ အသင်းရဲ့ချန်ပီယံလိဂ်လူစာရင်းကနေ နည်းပြဆာရီရဲ့ချန်လှပ်ခြင်းခံခဲ့ရလို့ အံ့အားသင့်တုန်လှုပ်မိတဲ့အပြင် ဒေါသပါထွက်လျက်ရှိကြောင်း သိရပါတယ်။ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေအတွက် ဂျာမနီအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတဲ့ အမ်မရီချန်က ''ပြီးခဲ့တဲ့အပတ်ကမှ အသင်းက ကျွန်တော့်ကို ကတိပေးခဲ့တာတွေရှိပါတယ်။ မနေ့ကတော့ နည်းပြ(ဆာရီ)ဖြစ်သူက ကျွန်တော့်ကို ဖုန်းဆက်ပါတယ်။ ချန်ပီယံလိဂ်လူစာရင်းမှာ ကျွန်တော်မပါတဲ့အကြောင်း ပြောတာ တစ်မိနစ်တောင်မကြာပါဘူး။ ကျွန်တော်လည်း လုံးဝရှော့ခ်ဖြစ်သွားသလို ဒေါသပါထွက်သွားပါတယ်''လို့ ပြောပါတယ်။

၂၀၁၈ ဇွန်လက လီဗာပူးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ တူရင်ကို ရောက်ရှိလာခဲ့တဲ့ အမ်မရီချန်ဟာ တိုက်စစ်မှူး မန်ဇူကစ်နဲ့အတူ ချန်ပီယံလိဂ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။ အမ်မရီချန်ဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အတွက် စုစုပေါင်း ၃၇ပွဲကစားခွင့်ရခဲ့ပေမယ့် အသင်းရဲ့ဦးစားပေးကွင်းလယ်လူအဖြစ် သူ့ကိုယ်သူမတည်ဆောက်နိုင်သေးပါဘူး။

ပြီးခဲ့တဲ့နွေရာသီအတွင်း အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ အသီးသီးရောက်ရှိလာတဲ့ ရမ်ဆေးနဲ့ ရာဘီယော့တို့ကြောင့် ယခုရာသီမှာ အမ်မရီချန်ရဲ့အနေအထားကလည်း ပိုမိုမသေမချာဖြစ်လာပါတယ်။ အမ်မရီချန်ဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း ရာဘီယော့ရဲ့နေရာမှာ အစားထိုးဖို့ ပီအက်စ်ဂျီအသင်းရဲ့ဆက်သွယ်ချဉ်းကပ်ခြင်းခံခဲ့ရပေမယ့် နည်းပြဆာရီက သူ့ကို အသင်းမှာ ဆက်ကစားပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ စည်းရုံးခဲ့တယ်လို့ သိရပါတယ်။

ယခုလိုချန်ပီယံလိဂ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရလို့ အမ်မရီချန်လည်း အုပ်စုအဆင့်မှာ အသင်းဟောင်း လေဗာကူဆင်နဲ့ရင်ဆိုင်ရမယ့်ပွဲကို လွဲချော်ရတော့မှာဖြစ်ပြီး သူဟာ ၂၀၁၄ ခုနှစ်က လီဗာပူးကို မရောက်ရှိခင် အဲဒီဂျာမန်ကလပ်မှာ ကစားခဲ့တာပါ။ 

#စီးရီးအေ #ဆာရီ #အမ်မရီချန်