ရှေ့သို့
Image

ရီးရဲလ်ကိုပြောင်းရွှေ့ဖို့ပျက်ပြယ်ခဲ့ပြီးနောက် အဲရစ်ဆင်ကို ခေါ်ယူဖို့ ဇန်န၀ါရီမှာ မျှော်လင့်ချက်ရှိလာတဲ့ ယူနိုက်တက်

4:04 PM, 4 September

စပါးအသင်းကွင်းလယ်ကစားသမား အဲရစ်ဆင်တစ်ယောက် အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ဖို့ ပျက်ပြယ်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းဟာ အဲရစ်ဆင်ကိုလာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဉ်လာခဲ့ပါတယ်။

အဆိုပါဒိန်းမတ်သားဟာ အခုနှစ်အပြောင်းအရွှေ့မှာ လန်ဒန်ကလပ်ကနေ စွန့်ခွာပြီး စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်မယ်လို့ အတိအလင်းထုတ်ဖော်ပြောကြားထားတာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား အဲရစ်ဆင်နဲ့ စပါးအသင်းတို့ရဲ့စာချုပ်သက်တမ်းဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ခေါ်ယူမယ့်အသင်းတွေအနေနဲ့ ဇန်န၀ါရီမှာ ပြောင်းရွှေ့ကြေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ၀ုဗ် ၊ ခရစ္စတယ်ပဲလေ့စ် ၊ ဆောက်သမ်တန်ပွဲစဉ်တွေမှာ ရုန်းကန်ရပြီးနောက် လက်ရှိကွင်းလယ်ပိုင်းမှာ ဂိုးဖန်တီးရှင်ကစားသမားတစ်ဦးလိုအပ်နေတာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ အာဆင်နယ်အသင်းနဲ့ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

“ကျွန်တော် မန်နေဂျာတစ်ယောက်လိုပဲ ဆုံးဖြတ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဖြစ်မလာခဲ့ပါဘူး။ သတင်းတွေတော်တော်များများတော့ ကြားသိရပါတယ်။ အခုလိုမျိုးသတင်းတွေက နှစ်တိုင်းထွက်ပေါ်နေကျပါ။
တစ်ချို့သတင်းတွေဆို ကျွန်တော် မက်ဒရစ်မှာနေဖို့အတွက် အိမ်ရှာနေပြီလို့တောင် ရေးသားခဲ့ပါတယ်။ အဲ့သတင်းတွေ ထွက်ပေါ်မှုက ကျွန်တော့်ကို စိတ်အနှောက်အယှက်မဖြစ်စေပါဘူး။ ဒါပါပဲ”လို့ အဲရစ်ဆင်က ပြောကြားခဲ့ပါတယ်။
#စပါး #အဲရစ်ဆင်