ရှေ့သို့
Image

အာဆင်နယ်ခံစစ်က မနှစ်ကထက်တောင် ပိုဆိုးနေတယ်လို့ ဝေဖန်ခဲ့တဲ့ အလန်ရှီးယား

3:30 PM, 3 September

အာဆင်နယ်အသင်းရဲ့နည်းပြ အူနိုင်းအမ်မရီဟာ ဒီနှစ်နွေမှာ လူစာရင်းကို အကြီးအကျယ် ပြောင်းလဲခဲ့ပြီး နီကိုလပ်စ်ပီပီကိုလည်း ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။

ဒါ့အပြင် တိုက်စစ်ပိုင်းအတွက်ကိုလည်း ရီးရဲမက်ဒရစ်ကွင်းလယ်လူ စီဘယ်လော့စ်နဲ့ အီတူအာနိုအသင်းက ဘရာဇီး လူငယ်ကစားသမား မာတီနယ်လီတို့ကို ခေါ်ယူထားပြီး ခံစစ်ပိုင်းအတွက်ကိုတော့ ချဲလ်ဆီးက ဒေးဗစ်လူးဝစ်နဲ့ ဆဲလ်တစ်က တီယာနေးတို့ကို ခေါ်ယူထားခဲ့ပါတယ်။

အသင်းမှာရှိပြီးသား ကစားသမားအချို့ကိုလည်း ရှင်းထုတ်ခဲ့ပါတယ်။ အဲလက်စ်အီဝိုဘီ က အဲဗာတန်၊ လောရင့်ကိုစီရယ်နီက ဘော်ဒိုး၊ ဒေးဗစ်အော်စပင်နာက နာပိုလီ၊ ကားလ်ဂျက်ကင်ဆန် က နော့တင်ဟမ် ဖောရက်စ်၊ တာကိုမာအာဆာနိုက ပါတီဇန် ၊ နာချိုမွန်ရီရယ်က ရီးရဲဆိုစီဒက် ၊ ခရစ္စတီယန်ဘီလစ်က ဒါဘီအသင်းတွေကို ရောင်းချခဲ့ပါတယ်။

ဒန်နီဝဲလ်ဘတ်၊ အာရွန်ရမ်ဆေးနဲ့ စတီဖန် လက်ခ်ျစတိန်နာတို့က အလွတ်၊ မီခီဒါရန်က ရိုးမားနဲ့အယ်လီနီ က ဘက်ဆစ်တက်စ်ကို အငှားနဲ့ ထွက်သွားကြပြီး ပီတာချက်ကတော့ ကစားသမားဘ၀က အနားယူသွားခဲ့ပါတယ်။

လူငယ်နောက်ခံလူ ၀ီလီယံ ဆာလီဘာကတော့ စိန့်အက်စတီယန်ကို အငှားပြန်ချခဲ့တာကြောင့် နောက်နှစ်မှသာ အာဆင်နယ်ကို လာရောက်ပူးပေါင်းမှာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီမှာ ဆိုကရာတစ်နဲ့ ဒေးဗစ်လူးဝစ်တို့ရဲ့ ခံစစ်ကစားပုံက ဆိုးရွားခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အလန်ရှီးယားက နည်းပြအမ်မရီရဲ့ခံစစ်နည်းဗျူဟာကို မေးခွန်း ထုတ်သွားခဲ့ပါတယ်။

 “ အာဆင်နယ်က မနှစ်ကထက်တောင် အခြေအနေ ဆိုးနေသေးတယ်။ ပွဲအစကနေ အဆုံးအထိ တော်တော် စိတ်ပျက်ဖို့ကောင်းတယ်။ တော့တင်ဟမ်က သွင်းယူသွားတဲ့ ပထမပိုင်း ဂိုးနှစ်ဂိုးက ဘယ်လောက်တောင် လွယ်ကူလိုက်သလဲ။ ကီရင်တီယာနေး ပွဲထွက်နိုင်မှပဲ ဖြစ်တော့မယ် မဟုတ်ရင် အာဆင်နယ်ရဲ့ လက်ရှိခံစစ်က တိုးတက်လာမယ့် ပုံမမြင်ဘူး။

အဲရစ်ဆင်ရဲ့အဖွင့်ဂိုးမှာဆိုရင် ဆိုခရာတစ်က ဘာမှ ခေါင်းတက်တိုက်စရာ မလိုဘူး။ ဒေးဗစ်လူးဝစ် ဆိုရင်လည်း ရှေ့ခဏခဏ တက်လွန်းတယ်။ 

ပြီးတော့ ဂိုးသမားလီနိုကလည်း အဲရစ်ဆင်ရဲ့ကန်ချက်ကို ဒီထက်ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကာကွယ်ခဲ့ရမှာ။  

စပါးက ရသမျှအခွင့်အရေးကို လှလှပပ အသုံးချသွားတယ်။ ဟယ်ရီကိန်းရဲ့ပင်နယ်တီ ကန်ချက်ကလည်း ကောင်းတယ်။ 

ဒါပေမယ့် ဇာခါကရော ဘာတွေ စဉ်းစားနေတာလဲ တစ်လောကလုံးကို ပင်နယ်တီ ပတ်ကန်ခိုင်းမလို့လား။ သူပွဲထဲမှာ ‘ ငါ့အရှိန်ကို လျှော့မှဖြစ်မယ် မဟုတ်ရင် ထိခိုက်မိတော့မယ် ‘ လို့ စဉ်းစားရမယ်။ ဒါပေမယ့် သူ မစဉ်းစားပါဘူး “ လို့ ဝေဖန်ခဲ့ပါတယ်။

ပီပီ၊ အူဘာမီယန်းနဲ့ လာကာဇက်တို့ရဲ့ တိုက်စစ် သုံးယောက်တွဲကတော့ အမြဲတမ်း ဂိုးသွင်းလိမ့်မယ်လို့ ပြောခဲ့ပေမယ့် အမ်မရီရဲ့ ခံစစ်ပုံစံကိုတော့ ပြင်ဖို့ လိုအပ်ပြီး မနှစ်က ရာသီမှာ အဆင့် ၅ သာ ရခဲ့တာနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တာတွေကို ပြန်အမှတ်ရဖို့ သတိပေး ပြောကြားသွားခဲ့ပါတယ်။

#အလန်ရှီးယား