ရှေ့သို့
Image

မာနေးဒေါသထွက်နေတာ ဘာကြောင့်ဆိုတာ ပြောပြခဲ့တဲ့ လီဗာပူးကွင်းလယ်လူ ဂျိမ်းစ်မီလ်နာ

2:24 PM, 3 September

စနေနေ့က ဘန်လေကို အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးအသင်းရဲ့ပွဲစဉ်မှာ မာနေးက သေချာပေါက် ဂိုးရနိုင်တဲ့ အနေအထားမှာရှိတဲ့ သူ့ကို ပေးပို့ခြင်းမရှိပဲ ကိုယ်တိုင်အဆုံးသတ်ဖို့ ကြိုးစားခဲ့တဲ့ ဆာလတ်ကို ဒေါသအကြီးအကျယ် ပေါက်ကွဲခဲ့ပါတယ်။

ဆီနီဂေါ လက်ရွေးစင်ဟာ ပွဲချိန် ၈၅ မိနစ်မှာ လူစားလဲခံခဲ့ရပြီး အရန်ခုံတန်းပေါ်မှာ ဒေါသတကြီးနဲ့ ခြေဟန်လက်ဟန်တွေပါ သုံးပြီး ပေါက်ကွဲနေတဲ့အပြင် ပွဲပြီးလို့ အ၀တ်လဲခန်းကိုသွားတဲ့ လမ်းမှာလည်း သုန်မှုန်နေတဲ့ မျက်နှာထားနဲ့ လျှောက်သွားတာကို အ၀တ်လဲခန်း ၀န်ထမ်းတစ်ဦးရဲ့ ဗီဒီယိုမှတ်တမ်းမှာ မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဒီပွဲမှာ လူစားလဲဝင် ကစားခွင့်မရခဲ့တဲ့ ဂျိမ်းစ်မီလ်နာက မာနေး အဲ့ဒီလောက် ဒေါသထွက်ရတဲ့ အကြောင်းကို ဟာသနှောပြီး ပြောပြသွားခဲ့ပါတယ်။

ဓာတ်ပုံတစ်ပုံမှာတော့ မီလ်နာက မာနေးကို အရန်ခုံတန်းပေါ်မှာ စိတ်လျှော့ဖို့ ပြောနေတဲ့ပုံကို မီလ်နာက “ ကျွန်တော်အဓိပ္ပာယ် ကောက်လွဲသွားတယ် ထင်တယ်၊ ဒါပေမယ့် သေချာပါတယ် ဆာဒီယို အဲ့ဒီလောက် ဒေါသထွက်နေတာ ကျွန်တော့်ကို လူစားမလဲခဲ့လို့ ဖြစ်မယ် “ ဆိုပြီး အင်စတာဂရမ်မှာ ဟာသနှောကာ တင်သွားပါတယ်။

ဝါရင့်ကွင်းလယ်လူရဲ့ ဟာသအမြင်ရှိမှုကြောင့် ဒီပို့စ်က ကျော်ကြားသွားခဲ့ပြီး အသင်းဖော် ချိန်ဘာလိန်က “ လူကြီးလူကောင်းကြီး မီလ်နာ “ ဆိုပြီး မှတ်ချက် ပေးသွားပါတယ်။

အဆိုပါပွဲမှာ တတိယဂိုးကို သွင်းပေးခဲ့တဲ့ ဖာမီနိုကတော့ အ၀တ်လဲခန်းကို သွားတဲ့လမ်းမှာ မာနေးနဲ့ ဆာလတ်တို့ရဲ့ မုန်တိုင်းထန်တဲ့ အခြေအနေကြားမှာ မျက်နှာပိုးမသတ်နိုင်အောင် ဖြစ်နေတဲ့ ပုံစံကိုလည်း ကင်မရာတွေပေါ်မှာ မြင်တွေ့ခဲ့ရပါတယ်။

ကလော့ပ်ကတော့ မာနေးနဲ့ ဆာလတ်ကြားက ပြဿနာကို ဖြေရှင်းပြီးပြီလို့ ပြောခဲ့ပြီးတော့ သူ့ရဲ့ကစားသမားတွေဟာ “ ဓမ္မတေးအဖွဲ့က ကောင်လေးတွေလို မဟုတ်ပါဘူး။ သူတို့က ကွင်းထဲက ရှိသမျှ ပစ္စည်းတွေကို လျှောက်ပစ်မယ်၊ တစ်ခါတစ်လေ မပျော်တာလည်းရှိမယ်၊ ဒါပေမယ့် အားလုံး အဆင်ပြေပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကိုလဲ ပြောပြီးပြီ။ အခုလို စိတ်နှစ်ထားတဲ့ အတွက်လည်း အရမ်း လေးစားတယ်။ သူတို့က ဓမ္မတေးအဖွဲ့က ကောင်လေးတွေလို မဟုတ်ပါဘူး၊ ယောက်ျား ပီသ ကြပါတယ်။ ပွဲပြီးတော့ စကားပြောကြတယ် ၊ အဆင်ပြေတယ် အခုအားလုံး ပြန်အဆင်ပြေသွားပါပြီ “ လို့ ပြောခဲ့ပါတယ်။

#လီဗာပူး #မီနာ