ရှေ့သို့
Image

လော်ရန်တေးကို ဆုံးရှုံးခဲ့ရပြီးနောက် Plan B မရှိတော့တဲ့ တိုက်စစ်အတွက် ပိုချက်တီနို စိုးရိမ်နေ

9:38 AM, 28 August

တော့တင်ဟမ်နည်းပြ ပိုချက်တီနိုဟာ ၀ါရင့်တိုက်စစ်မှူး လော်ရန်တေး အသင်းက ထွက်ခွာသွားခဲ့ပြီးနောက် တိုက်စစ်မှာ PlanB မရှိတော့ခြင်းအတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ တော့တင်ဟမ်အသင်းဟာ နယူးကာဆယ်ကို ၁-၀ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်၊ အက်စတွန်ဗီလာကို ၃-၁ ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ တိုက်စစ် ပြဿနာတွေ ရှိနေတယ်ဆိုတာကို အထင်းသား မြင်ခဲ့ရပါတယ်။

ယမန်နှစ်က ပိုချက်တီနိုဟာ အရပ် ၆ ပေ ၄ လက်မရှိတဲ့ လော်ရန်တေးကို ပွဲချိန်ပြီးခါနီးမှာ ထည့်သွင်း ကစား ခဲ့ပြီး တိုက်စစ်ကို အပြောင်းအလဲလုပ်လေ့ ရှိပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မန်စီးတီးနဲ့ ပွဲစဉ်မှာ လော်ရန်တေးရဲ့ အသည်းခွဲဂိုးက တိုက်စစ်မှာ သူ့လို တိုက်စစ်မှူး လိုအပ်နေတယ်ဆိုတာကို ထောက်ပြ နေပါတယ်။

လော်ရန်တေးရဲ့ အရပ်အမောင်းနဲ့ ကြံ့ခိုင်မှုတွေက စပါးအသင်းရဲ့ မူလကစားကွက်သာ မအောင်မြင်ခဲ့ရင် အဝေးဘောတွေနဲ့ ကစားလို့ရအောင် ကူညီပေးပါတယ်။ ဒါပေမယ့် လော်ရန်တေး မရှိတော့တဲ့ နောက်မှာတော့ ပိုချက်တီနိုမှာ တိုက်စစ်ကို အပြောင်းအလဲ လုပ်စရာ မရှိတော့ပါဘူး။

လော်ရန်တေးကို ဆုံးရှုံးခဲ့ရသလို ဗင်းဆင့်ဂျန်ဆန်ကလည်း မွန်တီရေးကို ပြောင်းရွှေ့သွားခဲ့လို့ ပိုချက်တီနို အနေနဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း တစ်ဦးသာ ရွေးချယ်စရာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ စပါးအသင်းရဲ့ အရန်ခုံမှာ တိုက်စစ်မှူးအနေနဲ့ ပြစရာ တစ်ဦးမှ မရှိပေမယ့် ပွဲပယ် ပြစ်ဒဏ်ကနေ ပြန်လာခဲ့တဲ့ ဆွန်ဟောင်မင် ကတော့ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ဟယ်ရီကိန်းနဲ့ တွဲကစားသွားခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

အလားတူ စပါးအသင်းအနေနဲ့ အာဆင်နယ်နဲ့ ပွဲစဉ် မတိုင်ခင်မှာ ညာနောက်ခံလူ ပြဿနာနဲ့ ကြုံတွေ့နေ ရပြန်ပါတယ်။ ကိုင်လီ ဝေါ်လ်ကာ ပီတာဟာ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ တာကြောင့် ဆာဂျီ အူရီယာ တစ်ဦးတည်းသာ ရွေးချယ်စရာ ရှိတော့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၆ နှစ်အရွယ် အူရီယာဟာ အေစီမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ဆွေးနွေးလျက် ရှိနေပါတယ်။

#စပါး #ပိုချက်တီနို #လော်ရန်တေး