ရှေ့သို့
Image

ပေါ့ဂ်ဘာကို ခေါ်ယူရေး မသေချာတော့လို့ ဖာနန်ဒက်စ်ဘက် ရီးရဲလ်မက်ဒရစ် မြားဦးလှည့်လာ

9:13 PM, 27 August

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူရေး မသေချာတော့တာကြောင့် စပို့တင်း လစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို အစားထိုးခေါ်ယူဖို့ ကြိုးစားဖွယ်ရှိနေပါတယ်။ နည်းပြဇီဒန်းရဲ့အသင်းဟာ ယခုနွေရာသီအတွင်း ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေပေမယ့် ယူနိုက်တက်က ပေါ့ဂ်ဘာရဲ့ တန်ဖိုးကို ပေါင် ၁၅၃ သန်းအထိ သတ်မှတ်ထားတာကြောင့် အဆင်မပြေ ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ယခုအခါ Correio da Manha သတင်းဌာနရဲ့ဖော်ပြချက်အရ ပေါ့ဂ်ဘာထက်စာရင် ခေါ်ယူရ ပိုမိုလွယ်ကူနိုင်တဲ့ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ရီးရဲလ်အသင်း တာဝန်ရှိသူတွေ စဉ်းစားနေတယ်လို့ သိရပြီး ဖာနန်ဒက်စ်ကို ပေါင် ၆၃ သန်းနဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။ အစောပိုင်းက ယူနိုက်တက်ရဲ့စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီအတွင်း စပို့တင်းလစ္စဘွန်းအတွက် အထူး ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၃၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

သူဟာ ယခုရာသီမှာလည်း ဆက်လက် ခြေစွမ်းပြနေပြီး လိဂ် ၃ ပွဲမှာ ကိုယ်တိုင် ၁ ဂိုးသွင်းထားသလို ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးထားနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါပွဲမှာ ဗယ်လာဒိုးလစ်ကို အိမ်ကွင်းမှာပဲ ၁-၁ ဂိုး သရေသာ ကစားနိုင်ခဲ့ပြီး ဖာနန်ဒက်စ်ရောက်လာရင် ကွင်းလယ်တိုက်စစ်က ပိုမို ထက်မြက်လာလိမ့်မယ်လို့ အသင်းတာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။

#လာလီဂါ #ဘရူနိုဖာနန်ဒတ်စ်