ရှေ့သို့
Image

စီးရီးအေအဖွင့်ပွဲမှာ အရန်ခုံထိုင်ခဲ့မှုအပေါ် ဒီလစ်ဂ်ျ အံ့အားသင့်

7:54 AM, 26 August

ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ဒီလစ်ဂ်ျဟာ စီးရီးအေအဖွင့်ပွဲစဉ်မှာ တစ်ပွဲလုံးပါဝင်ကစားခွင့်မရဘဲ အရန်ခုံမှာသာထိုင်ခဲ့ရပြီးနောက် နည်းပြဆာရီရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ နားမလည်နိုင်ဖြစ်နေကြောင်း သိရပါတယ်။ စီးရီးအေချန်ပီယံဂျူဗင်တပ်စ်ဟာ စနေညက အဖွင့်ပွဲစဉ်အဖြစ် ပါးမားကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နည်းပြဆာရီ ရွေးချယ်ခဲ့တဲ့နောက်ခံလူ ၄ဦးအနက် တစ်ဦးအပါအ၀င်ဖြစ်သူ ချီရယ်လီနီက တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူခဲ့ပါတယ်။
ဒီလစ်ဂ်ျက အရန်ကစားသမားဖြစ်လိမ့်မယ်လို့ ထင်မှတ်မထားကြောင်း ၀န်ခံခဲ့ပေမယ့် ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေပိုင်ဆိုင်ထားတဲ့ဂျူဗင်တပ်စ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့က မလွယ်ကူနိုင်တာကို နားလည်ထားကြောင်း ဆိုပါတယ်။ ''ကျွန်တော်ကတော့ ကစားချင်တာပေါ့။ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ဒီလိုမျိုးတစ်ခါမှမလေ့ကျင့်ခဲ့ဖူးသလို ဖြစ်လာလိမ့်မယ်လို့လည်း မတွေးထားပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် နည်းပြဖြစ်သူရဲ့ဆုံးဖြတ်ချက်ကိုတော့ ကျွန်တော် လေးစားပါတယ်''
''ကျွန်တော်ကတော့ အကောင်းမြင်စိတ်ထားပါတယ်။ ကျွန်တော်ဟာ အခုထိ အီတလီမှာအထိုင်ကျဖို့ ကြိုးစားနေရဆဲဖြစ်ပြီး ပါးမားနဲ့ပွဲမှာ ပါဝင်ကစားသွားတဲ့ ချီရယ်လီနီနဲ့ ဘိုနူချီအတွဲက ကမ္ဘာ့အကောင်းဆုံးဗဟိုခံစစ်အတွဲဖြစ်ပါတယ်။ ဒီလိုကစားသမားတွေရှိတဲ့အသင်းမှာ ချက်ချင်းနေရာရဖို့ကတော့ မလွယ်ပါဘူး။ ကျွန်တော်လည်း ဒီရာသီမှာ ပွဲထွက်ခွင့်ရရှိအောင် ကြိုးစားသွားမှာပါ''လို့ ဒီလစ်ဂ်ျက ပြောပါတယ်။
ပြီးခဲ့တဲ့နွေရာသီကာလအတွင်း အေဂျက်စ်အသင်းကနေ ပေါင် ၇၈သန်းနဲ့ ရောက်ရှိလာတဲ့ နယ်သာလန်လက်ရွေးစင် ဒီလစ်ဂ်ျဟာ ဂျူဗင်တပ်စ်ရဲ့တစ်ဦးတည်းသောကစားသမားသစ်မဟုတ်ပေမယ့် နည်းပြဆာရီကတော့ ဦးစားပေးစာရင်းမှာ ကစားသမားသစ်တစ်ဦးမှ အသုံးမပြုခဲ့ပါဘူး။

#စီးရီးအေ #ဒီလစ်ဂ်ျ #ချီရယ်လီနီ