ရှေ့သို့
Image

လက်ရှိအာဆင်နယ်က လီဗာပူးကို ၅-၁ နဲ့ရှုံးခဲ့တုန်းကလို အခြေအနေ မဟုတ်တော့ဘူးဆိုတဲ့ ဂွမ်ဒိုဇီ

5:39 PM, 23 August

ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက အန်ဖီးလ်မှာ လီဗာပူးကို ရင်ဆိုင်ခဲ့တုန်းက အာဆင်နယ်နဲ့ အခုလက်ရှိ အာဆင်နယ်နဲ့က အခြေအနေချင်း ကွာခြားသွားပြီလို့ ခံစားရကြောင်း အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒိုဇီက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းဟာ ဖာမီနိုရဲ့ဟက်ထရစ် နဲ့အတူ အာဆင်နယ်အသင်းကို ၅-၁ နဲ့အနိုင်ယူကာ ၉ မှတ်ဖြတ်ပြီး ဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစးသမားခေါ်ယူမှုတွေ အများအပြား ပြုလုပ်ခဲ့ပြီး နောက်မှာတော့ ရာသီအဖွင့် ၂ ပွဲကို ရှုံးပွဲမရှိ စတင်နိုင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ မနှစ်က အခြေအနေနဲ့ တခြားစီ ဖြစ်သွားပြီလို့ ဂွမ်ဒိုဇီက ပြောခဲ့ပါတယ်။

“ မနှစ်က ကျွန်တော်တို့ အကောင်းဆုံး မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ မနှစ်ကနဲ့ မတူတော့ပါဘူး။ အခုက ကစားပွဲအသစ် အသင်းအသစ် ပုံစံမျိုးပါ။ အရင်တုန်းက ရလဒ်မျိုးတွေ ထွက်စရာ အကြောင်း လုံးဝ မရှိတော့ပါဘူး။ မနှစ်ကထက် အများကြီး ပိုကောင်းတဲ့ပုံစံနဲ့ ရာသီသစ်ကို စတင်နိုင်ခဲ့ပါတယ်။ မနှစ်ကဆို ရှုံးပွဲနှစ်ပွဲနဲ့ စတင်ခဲ့ရတာပါ။ အခုနှစ်တော့ ရာသီအစမှာတင် ခြောက်မှတ် ရယူထားနိုင်ခဲ့ပါပြီ။ အခုအသင်းကလဲ အများကြီး ပိုကောင်းပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လဲ ယုံကြည်မှုတွေ မြင့်မားနေပြီးတော့ ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ လိုချင်တာ အနိုင်ရလဒ်ပါ။ ဘယ်ပရီးမီးယားလိဂ် အသင်းကိုမဆို အနိုင်ရယူနိုင်မယ်လို့ ယုံကြည်ပါတယ် “ လို့ Sky Sports နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် ၇၂  သန်းနဲ့ လိုင်လီက နီကိုလပ်စ်ပီပီ၊ မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းက ၀ါရင့်ခံစစ်မှူး ဒေးဗစ်လူးဝစ်၊ ဆဲလ်တစ်က ဘယ်နောက်ခံလူ တီယာနေးနဲ့ ရီးရဲကွင်းလယ်လူ စီဘယ်လော့စ်ကို အငှားတို့နဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။

ဂွမ်ဒိုဇီက လူးဝစ်၊ စီဘယ်လော့စ်နဲ့ ပီပီတို့ရဲ့ခြေစွမ်းတွေကို အဖွင့်ပွဲစဉ် ၂ ပွဲမှာ မြင်တွေ့ခဲ့ရပြီး ဖြစ်တာကြောင့် ဒီရာသီမှာ အကောင်းဆုံး စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

“ ဒေးဗစ်လူးဝစ်က အတွေ့အကြုံတွေ အများကြီး ရှိပြီးတော့ ပြည့်စုံတဲ့ ခံစစ်မှူး တစ်ဦးပါ။ စီဘယ်လော့စ် ကတော့ နည်းစနစ်ပိုင်း ပြည့်ဝတဲ့ ကစားသမားဖြစ်ပြီးတော့ သူ့ရဲ့ခြေစွမ်းကို ဘန်လေနဲ့ပွဲမှာ မြင်တွေ့နိုင်ပါတယ်။ ပီပီအကြောင်းကိုတော့ ပြင်သစ်မှာကတည်းက ကောင်းကောင်း သိထားတယ်လေ။ ကျွန်တော်ကတော့ ဒီသုံးယောက်က အသင်းကို ပိုအဆင့်မြင့်တဲ့ နေရာဆီကို ပို့ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ် “ လို့ ပြောကြားခဲ့ပါတယ်။

#နီကိုလက်စ်ပီပီ #ဂွမ်ဒိုဇီ #တီယာနေး #ဆီဘယ်လော့စ်