ရှေ့သို့
Image

မက်ဒီဆင်ကို စတာလင်နဲ့ နှိုင်းယှဉ်ခဲ့တဲ့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ

3:49 PM, 23 August

လက်စတာအသင်း ကွင်းလယ်လူ ဂျိမ်းမက်ဒီဆင်ဟာ ပြီးခဲ့တဲ့ရာသီရော ယခုနှစ်ရာသီ အဖွင့်ပွဲစဉ်တွေမှာပါ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသခဲ့တာကြောင့် အင်္ဂလန် လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကတော့ မက်ဒီဆင်ကို ရာဟင်စတာလင်နဲ့ ခိုင်းနှိုင်း ပြောဆိုသွားခဲ့ပါတယ်။

ဘရန်ဒန်ရော်ဂျာက မက်ဒီဆင်ဟာ ဘက်စုံထူးချွန်တဲ့ ကစားသမား တစ်ဦးဖြစ်ကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို ပြောပြခဲ့ပါတယ်။ ဆောက်ဂိတ်က လွန်ခဲ့တဲ့ ငါးလလောက်ကတော့ မက်ဒီဆင်ဟာ အင်္ဂလန်အသင်းရဲ့ နံပတ် ၁၀ နေရာအတွက် အကောင်းဆုံး ကစားသမားဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့် လက်စတာ နည်းပြရော်ဂျာက မက်ဒီဆင်ကို သူလီဗာပူးအသင်းကို ကိုင်တွယ်စဉ်က စတာလင်လိုမျိုး ကျရာနေရာမှာ အကောင်းဆုံး ကစားနိုင်တဲ့သူလို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

ရော်ဂျာက “ သူက လိုက်လျောညီထွေ ကစားနိုင်တယ်၊  အဲ့ဒါက သူ့ရဲ့ အားသာချက်ပဲ။ ဘက်စုံထူးချွန်တဲ့ ကစားသမားတွေ အများကြီးရှိတယ်။ ကျွန်တော်လီဗာပူးကို ကိုင်တုန်းက ရာဟင်စတာလင်ကိုပဲကြည့်၊ သူ့ကို နေရာကျယ်ကျယ် ကစားခိုင်းခဲ့တယ်။ နံပတ် ၁၀ နေရာမှာရော တောင်ပံနှစ်ဖက်မှာပါ သူ့ကို နေရာစုံမှာ ကစားခိုင်းခဲ့တယ်။ ပက်ဂွာဒီယိုလာဆိုရင်လည်း သူ့ကိုနေရာစုံမှာ ကစားခိုင်းခဲ့တယ်၊ တောင်ပံတွေမှာရော အထောင်တိုက်စစ်မှူး နေရာတွေမှာရော လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်ခဲ့တယ်။ ဂျိမ်းစ်က မတူညီတဲ့ပုံစံနဲ့ ကစားတဲ့သူပါ။ ဒါပေမယ့် ပွဲတစ်ပွဲကို ရှုမြင်ပုံကတော့ စတာလင်နဲ့ ဆင်တူတယ်။ အသင်းရဲ့ ဖွဲ့စည်းပုံကို မူတည်ပြီးတော့ သူ့ကိုပွဲထဲမှာ ထည့်ကစားလိုက်ရင် သူ့အတွက် အကောင်းဆုံးနေရာကို ရှာတွေ့ပါလိမ့်မယ်။ သူက ကွင်းလယ်နံပတ် ၈ နေရာမှာ ကစားနိုင်သလို အထောင်တိုက်စစ်မှူး နေရာမှာရော ရှေ့တန်း သုံးယောက်တွဲ နေရာမှာရော ကစားနိုင်တယ်။ သူက နေရာအတော်များများမှာ ကစားနိုင်တယ်။ တစ်ချို့ဆိုရင် တစ်နေရာထဲမှာပဲ ကစားနိုင်ကြတယ်။ ဒါပေမယ့် သူ့မှာက အရည်အချင်းရော ဦးနှောက်ပါ ရှိတယ်။ သူ့မှာ တောက်ပတဲ့ အနာဂတ် ရှိနေပါပြီ၊ နံပါတ် ၁၀ နေရာတစ်ခုတည်းမှာ မဟုတ်ဘဲ အလှုပ်သဘောမျိုး သူ့ကို ကစားခိုင်းဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ ချဲလ်ဆီးနဲ့ ပွဲတုန်းကလိုပေါ့၊ သူကစားတဲ့နေရာက တောင်ပံမဟုတ်ပေမယ့် သူ့ဦးနှောက်က အဲ့ဒီနေရာတွေကနေ ထိုးဖောက်ဖို့ လှုံ့ဆော်ပေးနေပါတယ် “ 

ရော်ဂျာက မက်ဒီဆင်ရဲ့ ကစားဟန်နဲ့ လုပ်အားနှုန်းက ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင် အသင်းမှာပါ ကစားနိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေပါတယ်။

“ပါရမီရှိတဲ့ ကစားသမားမျိုး အသင်းမှာ လိုအပ်နေတယ် ဆိုရင်တော့ သူက အသင့်တော်ဆုံးပါပဲ။ အင်္ဂလန်မှာက ပါရမီရှိတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ၊ ဆောက်ဂိတ်အနေနဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရဖို့ ဘယ်လိုပါရမီရှင် ကစားသမားတွေကို ပွဲထုတ်ရမလဲဆိုတာ ကောင်းကောင်းသိမှာပါ။ သူက အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာနိုင်တဲ့ လူငယ် ကစားသမားလေး တစ်ဦးပါ “ လို့ ပြောသွားခဲ့ပါတယ်။

လက်စတာအသင်းဟာ မနက်ဖြန်ကျရင် ရှက်ဖီးလ်ယူနိုက်တက် အသင်းရဲ့အိမ်ကွင်းမှာ မက်ဒီဆင်ရဲ့ ဘောလုံး ပေးပို့မှု စွမ်းရည်တွေကို နည်းပြရော်ဂျာ ဘယ်လိုထုတ်ပြဦးမလဲဆိုတာ မြင်တွေ့ရဦးမှာပါ။

နည်းပြရော်ဂျာက “  ဂျိမ်းစ်က တိုးတက်မှုကို လိုလားတဲ့သူပါ။ လူတိုင်းက သူ့ရဲ့တည်ကန်ဘောတွေ အကြောင်းပဲ ပြောကြတယ်။ ဒါပေမယ့် အဲ့ဒါတွေက မတော်တဆ ရလာတာတွေ မဟုတ်ပါဘူး။ သူနေ့တိုင်း အချိန်ပိုတွေဆင်းပြီး အလွတ်တည်ကန်ဘော ကန်တာတွေ လေ့ကျင့်တယ်။ အဲ့ဒါကြောင့်လည်း သူ့ရဲ့ပေးပို့မှု စွမ်းရည်တွေက အံ့မခန်း ဖြစ်နေတာပေါ့။ သူကသူ့အလုပ်သူ အရမ်း ယုံကြည်မှုရှိတယ်။ ကိုယ်ယုံကြည်မှုရှိတဲ့ အလုပ်ကို ကြိုးစားပြီး ပြင်ဆင်ရမယ်။ သူက ငယ်ရွယ်ပေမယ့် သူ့ရဲ့ပါရမီကို အကောင်းဆုံးဖြစ်အောင် အမြဲတမ်း လေ့ကျင့်တတ်တယ် “ လို့ ပြောခဲ့ပါတယ်။

#မက်ဒီဆင်