ရှေ့သို့
Image

တောင်ပံကစားသမား ရစ်ဘာရီကို သူရဲကောင်းတစ်ဦးသဖွယ်ကြိုဆိုခဲ့တဲ့ ဖီအိုပရိသတ်များ

8:15 AM, 23 August

ပြီးခဲ့တဲ့ကြာသပတေးနေ့က ဖီအိုရင်တီးနားအိမ်ကွင်း အာတီမီယိုဖရန်ချီကွင်းမှာပြုလုပ်ခဲ့တဲ့ တောင်ပံကစားသမားသစ် ဖရန့်ရစ်ဘာရီရဲ့ကစားသမားသစ်မိတ်ဆက်ပွဲအခမ်းအနားကို ဖီအိုပရိသတ် ၁၂၀၀၀ ခန့်တက်ရောက်ကာ တစ်ခဲနက်ကြိုဆိုအားပေးခဲ့ကြောင်း သိရပါတယ်။

ရစ်ဘာရီဟာ Rocky နောက်ခံတီးလုံးနဲ့အတူ လျှောက်လမ်းကနေ ထွက်လာပြီးနောက် ဘောလုံးစွမ်းရည်တချို့ပြသကာ ပရိသတ်တွေကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါတယ်။

အသက် ၃၆နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်ဟောင်း ရစ်ဘာရီဟာ ကွင်းတစ်လျှောက် ပရိသတ်တွေဆီ လျှောက်သွားပြီး အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့သလို ပရိသတ်တွေနဲ့အတူ အမှတ်တရဓာတ်ပုံတွေလည်း အတူတွဲရိုက်ခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဖီအိုရင်တီးနားနဲ့ ၂နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒါဟာ အမေရိကန်ပိုင်ရှင်သစ်လက်အောက်မှာ အသင်းကို အပြောင်းအလဲပြုလုပ်ဖို့ ကြိုးစားနေတဲ့ဖလောရင့်စ်အခြေစိုက်အသင်းအတွက် ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။

ရစ်ဘာရီဟာ ပြီးခဲ့တဲ့ရာသီအကုန်က ဘိုင်ယန်မြူးနစ်နဲ့ ၁၂ရာသီကြာလက်တွဲလာမှုကို အဆုံးသတ်ခဲ့ပြီးနောက် ကလပ်လက်မဲ့ဖြစ်နေခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်တုန်းက ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားရရှိခဲ့ပါတယ်။

ဘိုင်ယန်ကစားသမားဟောင်း၊ နည်းပြဟောင်း၊ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ဖရန့်ဘက်ကင်ဘောင်ဝါက ရစ်ဘာရီကို ဘိုင်ယန်အသင်း ခေါ်ယူနိုင်ခဲ့ချိန်မှာ သူတို့အသင်း ထီပေါက်သလိုတန်ဖိုးရှိကြောင်း ဆိုခဲ့ဖူးပါတယ်။

ဖီအိုရင်တီးနားဟာ စနေနေ့မှာ စီးရီးအေအဖွင့်ပွဲစဉ်အဖြစ် ယမန်နှစ်ဒုတိယဆုရှင် နာပိုလီကို ဧည့်ခံကစားရမှာဖြစ်ပြီး နေပယ်အခြေစိုက်အသင်းနည်းပြက ရစ်ဘာရီရဲ့နည်းပြဟောင်းဖြစ်တဲ့ အန်ဆလော့တီဖြစ်ပါတယ်။ ဖီအိုရင်တီးနားဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ အဆင့် ၁၆နေရာနဲ့သာ အဆုံးသတ်ခဲ့ရပြီးနောက် ဇွန်လက အမေရိကန်ရုပ်သံစီးပွားရေးလုပ်ငန်းရှင် ရော့ကိုကွန်မစ်ဆိုက လွှဲပြောင်းဝယ်ယူခဲ့ပါတယ်။

#စီးရီးအေ #ရစ္ဘာရီ