ရှေ့သို့
Image

ချိန်ဘာလိန်ကို ကာလရှည်စာချုပ်သစ် လီဗာပူး ချုပ်ဆို

2:00 AM, 23 August

လီဗာပူးအသင်းကွင်းလယ်လူ ချိန်ဘာလိန်ဟာ အသင်းနဲ့ ၂၀၂၃ အထိရှိမယ့် ကာလရှည်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အဆိုပါအန်ဖီးလ်အခြေစိုက်အသင်းက အတည်ပြုကြေညာသွားပါတယ်။ အင်္ဂလန်တောင်ပံကစားသမား ချိန်ဘာလိန်ဟာ ၂၀၁၈ ဧပြီလက ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရာကနေ ယမန်နှစ်ရာသီကုန်ခါနီးမှာ ပြန်လည်ကစားနိုင်ခဲ့ပြီး ယမန်နှစ်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် စပါးကို အနိုင်ရရှိခဲ့ရာမှာလည်း အသင်းသားတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

အသက် ၂၆နှစ်အရွယ်ရှိ ချိန်ဘာလိန်ဟာ ၂၀၁၇ နွေရာသီက အာဆင်နယ်အသင်းကနေ ပေါင် ၃၅သန်းနဲ့ ရောက်လာပြီးနောက် အသင်းအတွက် ၄၇ပွဲမှာ ၅ဂိုးသွင်းယူပေးထားပါတယ်။ သူဟာ ယခုရာသီရဲ့ပထမဆုံးလည်းဖြစ်၊ ၁၆လအတွင်း ပထမဆုံးအကြိမ်လည်းဖြစ် အသင်းဟောင်း ဆောက်သမ်တန်ကို ၁-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့လိဂ်ပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ကစားသမားဖြစ်သူက အဲဒီစွမ်းဆောင်ရည်ကို အခြေပြုကာ ကစားသမားဘ၀ကို ပြန်လည်တည်ဆောက်ဖို့ မျှော်လင့်နေပါတယ်။

''ပရိသတ်တွေကို ကတိပေးနိုင်တာတစ်ခုက ရှေ့ဆက်သွားနိုင်အောင် ကျွန်တော့်ဘက်က အရာအားလုံးပေးဆပ်ကစားသွားမယ်ဆိုတာပါပဲ။ ကျွန်တော့်အတွက် ကောင်းတဲ့ ဆိုးရွားတဲ့ပွဲတွေ ကာလတွေရှိတာမှန်ပါတယ်။ ကျွန်တော် ဒဏ်ရာမရခင် ခြေစွမ်းပြခဲ့သလိုပုံစံမျိုး ပြန်ရဖို့လည်း ကြိုးစားနေပါတယ်''လို့ ချိန်ဘာလိန်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ချိန်ဘာလိန်