ရှေ့သို့
Image

ဈေးကွက်မှာ သွေးအေးလွန်းခဲ့တာက လီဗာပူး အတွက် အတားအဆီးဖြစ်လာနိုင်မလား

3:55 PM, 13 August

ပရီးမီးယားလိဂ်အသင်းအများစုဟာ ၂၀၁၉-၂၀ ရာသီသစ်မတိုင်ခင် အသင်းအင်အားဖြည့်တင်းမှုတွေ အသီးသီးလုပ်ဆောင်ခဲ့ပါတယ်။

စီးတီးက အိန်ဂျယ်လီနို၊ ရိုဒရီနဲ့ ကန်ဆယ်လိုတို့ကို ခေါ်ယူခဲ့သလို အာဆင်နယ်ကလည်း ပီပီ၊ ဆီဘယ်လော့စ်၊ လူးဝစ်ဇ်နဲ့ တီယာနေးတို့ကို အားဖြည့်ခဲ့ပါတယ်။

ယူနိုက်တက်က ဒန်နီရယ်ဂျိမ်းစ်၊ ၀မ်ဘစ်ဆာကာနဲ့ မက်ဂွါရီကို ခေါ်ယူခဲ့သလို စပါးကလည်း ကွင်းလယ်ပိုင်းအတွက် အန်ဒွမ်ဘီလီနဲ့ လိုဆယ်ဆိုတို့ကို ခေါ်ယူခဲ့သလို ဘယ်နောက်ခံလူနေရာအတွက်လည်း ဆက်ဆီနွန်ကို ဖူလ်ဟမ်ကနေ ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးကတော့ နွေဈေးကွက်အတွင်း လိုအပ်တာထက် ပိုမိုသွေးအေးလွန်းခဲ့ပြီး Outfield Player တစ်ဦးတည်းသော ခေါ်ယူမှုအဖြစ် အသက် ၁၇နှစ်အရွယ်ရှိ နောက်ခံလူ ဗန်ဒီဘတ်ကိုသာ ခေါ်ယူခဲ့ပါတယ်။

သူတို့ဟာ ဘရုဂျက်စ်အသင်းဆီ ပြောင်းရွှေ့သွားတဲ့ ဘယ်လ်ဂျီယံဂိုးသမား မစ်ဂ်နိုလက်နေရာမှာ အစားထိုးဖို့အတွက် စပိန်နိုင်ငံသား အက်ဒရီယန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။

နည်းပြကလော့ပ်က လက်ရှိလူစာရင်းနဲ့အတူ ချန်ပီယံဆုတွေစိန်ခေါ်နိုင်ဖို့ အသင့်ရှိနေပြီလို့ ယုံကြည်နေပေမယ့် လူစာရင်းမတောင့်တင်းမှုက ဒုက္ခပေးလာနိုင်ပါတယ်။

လီဗာပူးအသင်းရဲ့ပွဲထွက်စာရင်းက နေရာစုံမှာ အရည်အသွေးအပြည့်ရှိသူတွေနဲ့ တောင့်တင်းပြီးသားဖြစ်ပါတယ်။

ဒီလိုပွဲထွက်စာရင်းတောင့်တင်းမှုက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လိုအရေးကြီးတဲ့ပြိုင်ပွဲမျိုးတွေမှာ ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့အတွက် အရေးကြီးတာမှန်ပါတယ်။

ဒါပေမယ့် အရင်အင်အားတောင့်တင်းမှုကလည်း ခက်ခဲကြမ်းတမ်းတဲ့ပြိုင်ပွဲရှည်ကြီးတွေအတွက် အသင့်တော်ဆုံးဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ တခြားဖလားပြိုင်ပွဲတွေကို တစ်ပြိုင်တည်းဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် တကယ့်ကိုအရေးကြီးပါတယ်။

တစ်ရာသီလုံးမှာ ခြေစွမ်းတစ်သမတ်တည်းရှိအရှိဆုံးအသင်းက ချန်ပီယံဖြစ်လေ့ရှိပြီး လူအင်အားမဖြည့်တင်းခဲ့တဲ့ လီဗာပူးအတွက်တော့ ခက်ခဲတဲ့စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်။

တိုက်စစ်မှူး စတာရစ်ခ်ျက စာချုပ်သက်တမ်းပြည့်သွားလို့ အသင်းနဲ့လမ်းခွဲသွားပြီဖြစ်သလို ညာနောက်ခံလူ ကလိုင်းကလည်း ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရပါတယ်။

ကွင်းလယ်လူ ကီတာကလည်း အခုချိန်အထိ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရပါတယ်။ အသက် ၃၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ မီလ်နာက လူငယ်လေးတစ်ယောက်လို ကစားနိုင်စွမ်းရှိပါ့ဦးမလားဆိုတာ မသေချာသလို ဘယ်နောက်ခံလူ ရောဘတ်ဆန်အတွက် အရန်ကစားသမားမရှိတာက ပြဿနာဖြစ်လာနိုင်ပါတယ်။

လက်ရှိအနေအထားအရဆိုရင် ကလော့ပ်ဟာ အတောင့်တင်းဆုံးဖြစ်နေတဲ့ကွင်းလယ်အားကို အဓိကရယူပြီး အရေးကြုံရင်ကြုံသလို ကွင်းလယ်လူတွေကို လိုအပ်တဲ့နေရာမှာ အရေးပေါ်အသုံးပြုလာနိုင်ပါတယ်။

ဥရောပစူပါဖလားပွဲအဖြစ် ချဲလ်ဆီးနဲ့ကစားရမယ့်ပွဲက တစ်ဖြည်းဖြည်းနီးကပ်လာချိန်မှာ ကလော့ပ်တစ်ယောက် နွေဈေးကွက်အတွင်း အခုထက်ပိုမိုလှုပ်ရှားခဲ့သင့်သလားဆိုတဲ့ မေးခွန်းနဲ့ ရင်ဆိုင်နေရပါတယ်။

#လီဗာပူး #ပီပီ #တီယာနေး