ရှေ့သို့
Image

ယူနိုက်တက်ကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးမှာ ဇူးမားနေရာပျောက်သွားနိုင်တယ်လို့ဆိုလိုက်တဲ့ ဇိုလာ

9:06 AM, 12 August

တနင်္ဂနွေနေ့က ချဲလ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ၄-၀ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဒီပွဲမှာ အမှားများခဲ့တဲ့ နောက်ခံလူဇူးမားအနေနဲ့ အသင်းမှာနေရာတောင် ပျောက်သွားနိုင်တယ်လို့ ဇိုလာက ဝေဖန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းမှာ အငှားသွားကစားခဲ့တဲ့ ဇူးမားဟာ မနေ့ကပွဲမှာရက်ရှ်ဖို့ဒ်ကို မလိုအပ်ဘဲကစားပုံကြမ်းတမ်းခဲ့တာကြောင့် ပထမပိုင်းမှာပဲ ပင်နယ်တီပေးခဲ့ရပြီး ဒီပင်နယ်တီကိုရက်ရှ်ဖို့ဒ်ကပဲဂိုးသမားကီပါရဲ့ညာဘက်အပေါ်ထောင့်ထဲကိုကန်သွင်းပြီး အဖွင့်ဂိုးရယူသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ခံစစ်မှာပုံမှန်ပွဲထွက်နေကျ နောက်ခံလူရူဒီဂါ ဧပြီလအတွင်းကရခဲ့တဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ထားရတာကြောင့် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာတဲ့ ဇူးမားက ခရစ္စတီယန်ဆန်နဲ့တွဲဖက်ပြီး ပွဲထွက်လာတာဖြစ်ပါတယ်။

ဇူးမားသာအရန်ခုံမှာရှိပြီးတော့ ရူဒီဂါသာ ပွဲထွက်ပါဝင်လာခဲ့ရင် ရလဒ်ကဒီလောက်ဆိုးရွားမှာမဟုတ်ဘူးလို့ ဇိုလာကပြောခဲ့ပါတယ်။

''ပြောရရင် ရူဒီဂါကအတွေ့အကြုံပိုရှိတယ်။ သူကခရစ္စတီယန်ဆန်နဲ့ ပိုပြီးနားလည်မှုရှိရှိကစားနိုင်တယ်လို့ထင်တယ်။ ကျွန်တော်ကတော့ နောက်ခံလူနေရာမှာ ရူဒီဂါနဲ့ခရစ္စတီယန်ဆန်အတွဲကသာ အသင့်တော်ဆုံးလို့ ယုံကြည်တယ်''လို့ ဇိုလာက ပြောပါတယ်။

လမ်းပတ်အနေနဲ့ အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ရဲ့တန်ပြန်တိုက်စစ်တွေကို ထိန်းချုပ်တဲ့နေရာမှာ အတော်လေးအားနည်းခဲ့တယ်လို့ ဇိုလာကထောက်ပြသွားခဲ့ပါတယ်။

''ပေးလိုက်ရတဲံ့ဂိုးတွေအားလုံးက အတော်လေးမမျှတဘူး။ သူတို့ဒီထက်ပိုကောင်းတာနဲ့ထိုက်တန်ခဲ့သင့်တာ။ အသင်းကိုပြန်တည်ဆောက်ရာမှာပိုကောင်းအောင်လုပ်ရမှာတွေအများကြီးကျန်သေးတယ် ဒါပေမယ့် အကောင်းဘက်ကကြည့်ရင်တော့ တိုးတက်လာတာလေးတွေလဲတွေ့ရတယ်။အဓိကကတော့ ခံစစ်ပိုင်းတိုးတက်ဖို့ပေါ့။ ပရီးမီးယားလိဂ်မှာအသင်းကို မျှတအောင်တည်ဆောက်ဖို့လိုတယ်။ အခွင့်အရေးတွေဖန်တီးနိုင်ရုံနဲ့မရဘူး။ အခုပဲကြည့် တိုင်နှစ်ခါထိတယ်။ တန်ပြန်တိုက်စစ်တွေကနေ ဂိုးတွေအမြောက်အများပေးလိုက်ရတယ်။ ဒါတွေက လမ်းပတ်သေချာပေါက်ဖြေရှင်းဖို့လိုနေတဲ့ အဓိကအချက်တွေပဲ''လို့ ဇိုလာကဝေဖန်သွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရူဒီဂါ #ဇူးမား #ဂ်ီယန္ဖရန္ကို ဇိုလာ