ရှေ့သို့
Image

၂၀၁၉ - ၂၀၂၀ ရာသီသစ် ပရီးမီးယားလိဂ်တန်းတက် အသင်းများကို ရင်ခုန်ခံစားကြည့်ခြင်း

5:12 PM, 9 August

ပရီးမီးယားလိဂ်ကတော့ အခုလာမယ့် ရက်သတ္တပတ်အကုန်မှာ စတင်မှာဖြစ်ကာ ၂၀၁၉ - ၂၀၂၀ ရာသီသစ်ဟာ ယခင် ရာသီတွေနဲ့ မတူညီဘဲ ပိုမိုပြိုင်ဆိုင်မှုပြင်းထန်ဖွယ်ရှိနေပါတယ်။

ကံမကောင်းအကြောင်းမလှဘဲ တန်းဆင်းခဲ့ရတဲ့အသင်းတွေ၊ ထိပ်သီး ၆သင်းရဲ့ ကြိုတင်ပြင်ဆင်မှုတွေ ၊ မန်ယူ၊ ချဲလ်ဆီး၊ အာဆင်နယ်၊ စပါးတို့ လာမယ့်ရာသီသစ်မှာ ထိပ်ဆုံး ၄သင်းနေရာကို ၀င်နိုင်မှာလား ၊ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်စီးတီး နဲ့ လီဗာပူးတို့ပဲ ဆက်လက်စိန်ခေါ်နိုင်ဦးမှာလား စတဲ့ အချက်တွေနဲ့ ပြည့်နှက်နေတာကြောင့် လာမယ့်ရာသီသစ်မှာ တန်းတက်အသင်းတွေကို တော်ရုံ စိတ်မ၀င်စားကြဘဲ ရှိနေပါတယ်။

ပထမဆုံးရက်သတ္တပတ်မှာပဲ တန်းတက် နောဝစ်ခ်ျအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆု အတွက် အကောင်းဆုံးပုံစံတစ်ရပ်နဲ့ မန်စီးတီးအသင်းကို စိန်ခေါ်နိုင်ခဲ့တဲ့ လီဗာပူးအသင်း စတင်ကစားရမှာဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းတယ်လို့ ဆိုရမှာပါ။

ပထမဆုံးအနေနဲ့ ပရီးမီးယားလိဂ်ကို ချန်ပီယံရှစ်ကနေ  ချန်ပီယံအဖြစ်နဲ့ တန်းတက်လာခဲ့တဲ့ နောဝစ်ခ်ျအသင်းအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။
.
အသင်းစတည်ထောင်သည့်နှစ် - ၁၉၀၂ခုနှစ်
ပြီးခဲ့တဲ့ရာသီအဆင့်ရပ်တည်မှု - ချန်ပီယံရှစ် ချန်ပီယံ
ပရီးမီးယားလိဂ်နောက်ဆုံးကစားခဲ့တဲ့နှစ် - ၂၀၁၅  - ၂၀၁၆
ကွင်း - Carrow Road
နာမည်ပြောင် - The Canaries
နည်းပြ - ဒန်နီရယ် ဖာကီ
အဓိကကစားသမား - အမ်း၊ ဖရာမန်း
အကောင်းဆုံးကစားသမား - ဘူရန်ဒီ
ဆုဖလား  -  လိဂ်ဖလား ၂ကြိမ်  (၁၉၆၂  - ၁၉၈၅) ၊ ချန်ပီယံရှစ်ဖလား ၄ကြိမ်
နောဝစ်ခ်ျအသင်းကိုတော့ ပရီးမီးယားလိဂ် ပရိသတ်တွေတော်တော်များများ သိကြမှာပါ။ နောဝစ်ခ်ျဟာ မြန်မာဘောလုံး ပရိသတ်တွေနဲ့လည်း သိပ်မစိမ်းတဲ့အသင်းလို့ ဆိုနိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာ သူတို့ နောက်ဆုံး ကစားခဲ့တာက ၂၀၁၅ -၂၀၁၆ ရာသီဖြစ်ပြီး ချန်ပီယံရှစ်မှာ ၃ရာသီသာ ကစားကာ ပရီးမီးယားလိဂ်ကို ချန်ပီယံအဖြစ်နဲ့ ပြန်လည် တက်လှမ်းလာခဲ့တဲ့ အသင်းပါ။

လက်ရှိမှာဆိုရင်လည်း ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်နေပြီး ၀က်စ်ဟမ်းညာနောက်ခံကစားသမား ဆမ် ဘရိုင်ယန်ကို ပေါင်  ၇သိန်းခွဲနဲ့ ခေါ်ယူထားခဲ့ပါတယ်။ ထို့အပြင် ဂျာမန်ကလပ် ရှော်ကေးဂိုးသမား ဖရာမန်ကို တစ်ရာသီအငှား၊ ဆွဇ်ဇာလန်တိုက်စစ်မှူး ဒါမစ်ကို  ၃နှစ်စာချုပ်နဲ့ ခေါ်ယူထားခဲ့ပါတယ်။ နောဝစ်ခ်ျအသင်းဟာ အ၀င်ကစားသမားထက် အထွက်ကစားသမားက ပိုများတယ်လို့ ဆိုရမှာဖြစ်ကာ အ၀င်ကစားသမားတွေကတော့ အထက်က ဖော်ပြခဲ့တဲ့ ကစားသမားတွေလောက်သာ  လောက်လောက်လားလား ခေါ်ယူထားမှုအဖြစ် ရှိတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

နည်းပြ ဖာကီလက်ထက်မှာ နောဝစ်ခ်ျအသင်းဟာ ချန်ပီယံရှစ်မှာ ရမှတ် ၉၄မှတ်အထိရရှိခဲ့သလို သွင်းဂိုးကလည်း ၉၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ နည်းပြ ဖာကီရဲ့ လက်ထက်မှာတော့ နောဝစ်ခ်ျအသင်းဟာ အစစအရာရာ ပြောင်းလဲလာခဲ့ပြီး လေ့ကျင့်ရေးအစီအ စဉ်တွေကအစ ပြောင်းလဲလာခဲ့ပါတယ်။

၂၀၁၆ - ၁၇ ရာသီမှာ ဘောလုံးပေးပို့မှု  ၁၉,၈၆၂ ကြိမ်သာရှိခဲ့ပေမယ့်  နည်းပြ ဖာကီလက်ထက်  ၂၀၁၇ - ၁၈ ရာသီမှာ ၂၂,၂၆၃ ကြိမ်လောက်အထိ တိုးတက်လာခဲ့သလို ၂၀၁၈ - ၁၉ ရာသီမှာတော့ ၂၃,၃၀၅ ကြိမ်အထိတိုးတက်လာခဲ့ပါတယ်။ အဆိုပါအချက်ကိုကြည့်ခြင်းအားဖြင့် နောဝစ်ခ်ျအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသားပေးပြီး တိုက်စစ်ဆင်တာကို မြင်တွေ့ရမှာပါ။

အဓိကအားသာချက်ကတော့ တိုက်စစ်ပိုင်းလို့ဆိုရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက သွင်းဂိုး ၉၃ ဂိုး အထိ သွင်းယူနိုင်ခဲ့သလို တိုက်စစ်မှူး တီမူ ပူကီဟာဆိုရင်လည်း ဂိုးသွင်းဘုရင်ဆုပါရရှိခဲ့တာကို ကြည့်ခြင်းအားဖြင့် နောဝှစ်ခ်ျရဲ့တိုက်စစ်ပိုင်းဟာ ဂိုးသွင်းခြေထက်မြက်တာကိုမြင်တွေ့ရမှာပါ။ ထို့အပြင် တိုက်စစ်ပိုင်းမှာလည်း နောက်ထပ်တိုက်စစ်မှူးသစ်ဖြစ်တဲ့ ဒါမစ်ကိုလည်း ထပ်မံအားဖြည့်ထားတာကြောင့် တိုက်စစ်ပိုင်းက စောင့်ကြည့်ရမယ့် အနေအထားတစ်ရပ်မှာ ရှိနေပါတယ်။

အားနည်းချက်ကတော့ ခံစစ်ပိုင်းဖြစ်ပြီး ပြိုင်ဘက်အသင်းက တိုက်စစ်ထက်မြက်တဲ့အသင်းဆိုရင် ခံစစ်ပိုင်းယိုယွင်းမှုက အတော်လေးကိုသိသာထင်ရှားလာပါတယ်။ ဒါကြောင့် တိုက်စစ်ပိုင်းက ထက်မြက်ပြီးသားဖြစ်ကာ လာမယ့်ရာသီမှာ ခံစစ်ပိုင်းကိုသာ ပြင်ဆင်နိုင်မယ်ဆိုရင် နောဝစ်ခ်ျရဲ့အနေအထားက ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်မယ့် အနေအထားတစ်ရပ်မျိုးပိုင်ဆိုင်နိုင်မှာပါ။

နောဝစ်ခ်ျအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို သြဂုတ်လ ၉ရက်နေ့မှာ လီဗာပူးအသင်းနဲ့စတင်ကစားရမှာဖြစ်ကာ နောက်ဆုံးပွဲစဉ်ကိုတော့ မေလ ၁၇ ရက်နေ့မှာ ချန်ပီယံ မန်စီးတီးအသင်းနဲ့ အဆုံးသတ်ရမှာမို့ ဖွင့်ပွဲနဲ့  ပိတ်ပွဲက ခက်ခဲတယ်လို့ ဆိုရမှာပါ။

နောဝစ်ခ်ျအသင်းအကြောင်းကို မိတ်ဆက်ခဲ့ပြီးနောက်မှာတော့ နောက်ထပ် တန်းတက် အသင်းတစ်သင်းဖြစ်တဲ့ ရှက်ဖီးလ်ယူနိုက်တက်အသင်းနဲ့ ထပ်မံ မိတ်ဆက်ပေးချင်ပါတယ်။
.
ရှက်ဖီးလ်ယူနိုက်တက် အသင်းစတင်တည်ထောင်သည့်နှစ် - ၁၈၈၉  ခုနှစ်
ပြီးခဲ့တဲ့ရာသီအဆင့် ရပ်တည်မှု - ချန်ပီယံရှစ် ဒုတိယနေရာ
ပရီးမီးယားလိဂ် နောက်ဆုံးကစားခဲ့တဲ့နှစ် - ၂၀၀၆  - ၂၀၀၇
ကွင်းနာမည် - Brammal Lane
နာမည်ပြောင် - The Blades
နည်းပြ - ခရစ် ၀ိုင်လ်ဒါ
အဓိက ကစားသမား - မက်စ် ဘန်နီ ၊ မော့ဆက် ၊ ရော်ဘင်ဆန် ၊ ဖရီးမန်း
အကောင်းဆုံးကစားသမား - အိုလီဗာ နော်ဝုဒ်
ဆုဖလား -  ပထမဆုံး အင်္ဂလိပ်ဆုလား  ( ၁၈၉၈)  ၊ အင်္ဂလိပ်ဆုဖလား ၄ လုံး

ရှက်ဖီးလ်ယူနိုက်တက်အသင်းဟာဆိုရင်လည်း ဘောလုံးချစ်ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား အသင်း တစ်သင်းပါပဲ။ သူတို့အသင်းကတော့ ပရီးမီးယားလိဂ်နဲ့ ဝေးကွာနေတာ နှစ်အနည်းငယ်တော့ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ နောက်ဆုံး ပရီးမီးယားလိဂ်မှာကစားခဲ့တာကတော့ ၂၀၀၆ - ၂၀၀၇ ရာသီကဖြစ်ပြီး အဲနောက်မှာတော့ ချန်ပီယံရှစ်ကိုတန်းဆင်းခဲ့ရပြီး အခု ၂၀၁၉ -၂၀၂၀ ရာသီမှာမှ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်တန်းတက်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိရာသီမှာဆိုရင်လည်း ရှက်ဖီးလ်ယူနိုက်တက်အသင်းဟာ ဘုန်းမောက်အသင်းတိုက်စစ်မှူး မော့ဆက်၊ အဲဗာတန် ၀ါရင့်နောက်ခံလူ ဂျာဂျီရယ်ကာ ၊ မန်ယူဂိုးသမား  ဒင်းဟန်ဒါဆန် ၊ ဆွမ်ဆီးတိုက်စစ်မှူး အိုလီ မက်စ် ဘရန်နီတို့ကိုခေါ်ယူအားဖြည့်ထားခဲ့ပါတယ်။ ရှက်ဖီးလ်အသင်းဟာလည်း နောဝစ်ခ်ျအသင်းလိုပဲ အ၀င်ကစားသမားထက် အထွက်ကစားသမားက ပိုများနေတာကိုမြင်တွေ့ခဲ့ရပြီး နောက်ရာသီ ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်ဖို့အတွက်ဆိုရင်တော့ ငွေကြေးသုံးစွဲဖို့လိုအပ်နေပါသေးတယ်။

ရှက်ဖီးလ်အသင်းအတွက် အဓိကကျတဲ့သူကတော့ နည်းပြ ခရစ်ဝိုင်လ်ဒါလို့ ဆိုရမှာပါ။ သူ့ရဲ့ဦးဆောင်မှုတွေနဲ့ ရှက်ဖီးလ်အသင်းအခုလိုမျိုး အနေအထားတစ်ရပ်နဲ့ ပရီးမီးယားလိဂ်ကို တန်းတက်လာနိုင်ခဲ့တာပါ။ အထူးသဖြင့် သူ့ရဲ့နည်းစနစ်တွေဟာ လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့နေရာကို အမြန်ဆုံးအစားထိုးနိုင်တာပါ။ နည်းပြ ၀ိုင်လ်ဒါဟာ ကစားကွက် ၂ခုကို အလှည့်ကျ အသုံးပြုပြီး ၅-၃-၂  ၊ ၃-၅-၂ ကစားကွက်ကို လိုအပ်ရင် လိုအပ်သလို ပြောင်းလဲအသုံးပြုတာဖြစ်ပါတယ်။

အဆိုပါကစားကွက်ရဲ့အားသာချက်ကတော့ ခံစစ်ပိုင်းဖြစ်ပြီး နဂိုကတည်းက တောင့်တင်းပြီးသားဖြစ်တဲ့ ခံစစ်ပိုင်းကို အဲဗာတန်အသင်းခေါင်းဆောင်ဟောင်း ဂျာဂျီရယ်လ်ကာ ပြန်ရောက်လာက အချိုပေါ်သကာ လောင်းဆိုသလို ဖြစ်စေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ ပေးဂိုးမရှိပွဲအများဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့ရာမှာ အဓိကနေရာကနေပါဝင်ခဲ့တဲ့ ဒင်းဟန်ဒါဆန်ကိုလည်း ယူနိုက်တက်ကနေ အငှားနဲ့ ထပ်မံခေါ်ယူထားလို့ ခံစစ်ပိုင်းက စိတ်ချလို့ရမယ့်အနေအထားတစ်ရပ်မှာရှိလာပါတယ်။ ၅-၃- ၂ ၊ ၃-၅-၂ ကစားကွက်မှာတော့ Wing-backs ကစားသမားတွေဟာ ခံစစ်ပိုင်းကို ဆင်းကူတာကြောင့် ခံစစ်ပိုင်းက အားသာချက်ဖြစ်ပြီး တိုက်စစ်ပိုင်းကတော့ အားနည်းချက်ဖြစ်လာပါတယ်။

ရှက်ဖီးလ်ယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဘုန်းမောက်အသင်းနဲ့ ကစားရမှာဖြစ်ကာ ဇန်န၀ါရီလမှာတော့ လီဗာပူး (အဝေး) ၊ အာဆင်နယ်( အဝေး ) ၊ မန်စီးတီး (အိမ်) စတဲ့အသင်းတွေနဲ့ ပွဲကျပ်ကစားရမှာဖြစ်ပါတယ်။


အခုနောက်ဆုံးပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ တန်းတက်လာခဲ့တဲ့ ၃သင်းထဲကမှ နောက်ဆုံးအသင်းတစ်သင်းဖြစ်တဲ့ အက်စတွန်ဗီလာ အသင်းအကြောင်းပဲဖြစ်ပါတယ်။
.
အက်စတွန်ဗီလာအသင်း စတင်တည်ထောင်သည့်နှစ်  - ၁၈၇၃ ခုနှစ်
ပြီးခဲ့တဲ့ရာသီအဆင့် ရပ်တည်မှု -  အဆင့် ၅ ၊ ပလေးအော့ဖ်ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်ကို တန်းတက်လာ
ပရီးမီးယားလိဂ် နောက်ဆုံးကစားခဲ့တဲ့နှစ် -  ၂၀၁၅  - ၂၀၁၆
ကွင်းနာမည် - Villa Park
နာမည်ပြောင် - Villains
နည်းပြ - ဒင်း စမစ်
အဓိကကစားသမား - ၀က်စလေ ။ တိုင်ရွန် မင်း ၊ ဒေါက်ကလပ် လူးဝစ် ၊ တာဂတ် ၊ ကွန်ဆာ ၊ နာကန်ဘာ ၊ ထရီဇီဂွတ် ၊ အယ်လ်ဂါဇီ ၊ တွန် ဟီတန် ၊ ဂျိုတာ ၊ ဟာဆီ
အကောင်းဆုံးကစားသမား - ဂျက် ဂရီလစ်

အက်စတွန်ဗီလာအသင်းဟာဆိုရင်လည်း  အပေါ်ကမိတ်ဆက်ခဲ့တဲ့ အသင်းတွေနည်းတူ ဘောလုံးချစ် ပရိသတ်တွေနဲ့  သိပ်မစိမ်းတဲ့အသင်းတစ်သင်းပါ။ ယခင် ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာဟာ တိုက်စစ်မှူးကောင်းတွေဖြစ်တဲ့ အဘွန်လဟော၊ ဟက်စကီး၊ အက်ရှ်လေယန်း၊ ကာရူး၊ ဒေါင်းနင်းတို့ကို စင်တင်ပေးခဲ့တဲ့အသင်းတစ်သင်းအဖြစ် မှတ်မိကြမှာပါ။ ဗီလာအသင်း ပရီးမီးယားလိဂ်မှာ နောက်ဆုံးကစားခဲ့တာက ၂၀၁၅ - ၂၀၁၆ ရာသီဖြစ်ပြီး အဲ့နောက်ပိုင်းနှစ်တွေမှာ ချန်ပီယံရှစ်မှာ ကျင်လည်ခဲ့ရကာ အခု ၂၀၁၉ - ၂၀၂၀ရာသီမှာမှ ချန်ပီယံရှစ်ကနေ ဒါဘီအသင်းနဲ့ play – off ကစားပြီး ပရီးမီးယားလိဂ်ကို ပြန်လည် တန်းတက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအပြောင်းအရွှေ့ရာသီမှာဆိုရင်လည်း ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ ငွေကြေးသုံးစွဲမှုအများဆုံးအသင်းအဖြစ် ကစားသမား ၁၅ ဦးခန့်ကို သန်း ၁၀၀ကျော်အထိအသုံးပြုပြီး ခေါ်ယူထားခဲ့ပါတယ်။ ဗီလာအသင်းထက် အရင်ဆုံး တန်းတက်ပြီးနောက် ငွေကြေးသုံးစွဲမှုအများဆုံးအသင်းကတော့ တန်းဆင်းသွားခဲ့ရတဲ့ ဖူလ်ဟမ်အသင်းဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းတာဝန်ရှိသူတွေကတော့ ဖူလ်ဟမ်အသင်းကို စံနမူနာယူပြီး တန်းတက်ပြီး တန်းပြန်မဆင်းရဖို့ လာမယ့်ရာသီသစ်အတွက် လူစာရင်းကို အတောင့်တင်းဆုံးပုံစံဖြစ်အောင် ပြင်ဆင်နေပါတယ်။

ဘရုဂျက်စ်အသင်းတိုက်စစ်မှူးဝက်စ်လေကို စံချိန်တင်ပြောင်းရွှေ့ကြေး  ပေါင်၂၂သန်း၊ ဘုန်းမောက် အသင်းနောက်ခံလူ တိုင်ရွန်မင်းစ်ကို ပေါင် ၂၀သန်း ၊ ဆောက်သမ်တန်ဘယ်နောက်ခ့လူ တာဂတ်ကို ပေါင် ၁၅သန်း ၊ ကာဆင်ပါကာအသင်းတိုက်စစ်မှူး ထရီဇီဂွတ်ကို ပေါင် ၈.၇၅သန်း၊ အယ်လ်ဂါဆီကို ပေါင် ၈သန်း ၊ မန်စီးတီးကွင်းလယ်လူ ဒေါက်ကလပ်လူးဝစ်ဇ်ကို ပေါင် ၁၅သန်းစတဲ့ တန်ကြေးတွေနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်လည်း ဗီလာအသင်းဟာ အ၀င်ကစားသမားနဲ့ အထွက်ကစားသမား နည်းနည်းမျှတတယ်လို့ဆိုရမှာပါ။ အခုလိုမျိုး ကစားသမားခေါ်ယူမှုတွေကို ကြည့်မယ်ဆိုရင် ဗီလာအသင်းတာဝန်ရှိသူတွေဟာ ပရီးမီးယားလိဂ်မှာ ရေရှည်ကျောက်ချဖို့အတွက် စီစဉ်နေတယ်ဆိုတာ အတိုင်းသားမြင်တွေ့နိုင်ပါတယ်။


ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာအသင်းရဲ့ ခံစစ်ပိုင်းက အဆင့် ၁၆ နဲ့ ၁၇ နေရာမှာ ရပ်တည်ခဲ့တဲ့ စတုတ်နဲ့ ဘာမင်ဂမ်အသင်းတို့ထက်တောင် ပေးဂိုးများခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ အဆိုပါအခြေအနေကို ကြည့်ခြင်းအားဖြင့် ဗီလာအသင်းဟာ ခံစစ်ပိုင်း အားနည်းပြီး နည်းပြ ဒင်းစမစ်ကလည်း လာမယ့်ပရီးမီးယားလိဂ်ရာသီသစ် မစတင်ခင်မှာ နောက်တန်းကစားသမာေးတွဖြစ်တဲ့ ဆောက်သမ်တန်ကစားသမား တာဂတ် ၊ ဘုန်းမောက်နောက်တန်းကစားသမား တိုင်ရွန်မင်းစ်၊ ၀ုဗ်နောက်တန်းကစားသမား ဟောက်ဆီ ၊ ရိန်းစ်နောက်ခံလူ အီးဂဲလ်၊  ဘန်လေဂိုးသမား ဟီတန်တို့ကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ဒါကြောင့် နောက်တန်းနေရာက အတော်လေးကို အင်အားတောင့်တင်းလာဖွယ်ရှိနေပြီး ပြီးခဲ့တဲ့ရာသီက အားနည်းခဲ့တဲ့ နောက်တန်းနေရာကို အကောင်းဆုံး ဖာထေးနိုင်ဖွယ်ရှိနေပါတယ်။


ဗီလာရဲ့အားသာချက်ကတော့ တိုက်စစ်ပိုင်းလို့ဆိုရမှာဖြစ်ကာ ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင် တိုက်စစ်ပိုင်းကလည်း နောဝစ်ခ်ျ၊ ၀က်စ်ဘရွန်းတို့ပြီးနောက် တတိယမြောက်တိုက်စစ်အကောင်းဆုံး အသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။ အခုအပြောင်းအရွှေ့ရာသီမှာလည်း ကစားသမားအင်အားအများအပြား ဖြည့်တင်းထားနိုင်ခဲ့တာကြောင့် လာမယ့်ရာသီ တိုက်စစ်ပိုင်းကတော့ စောင့်ကြည့်ရမယ့်အနေအထားတစ်ရပ်မှာရှိနေပါတယ်။

အက်စတွန်ဗီလာအသင်းဟာ သြဂုတ်လ ၁၀ရက်နေ့မှာ စပါးအသင်းနဲ့ အဖွင့်ပွဲစဉ်ကို ရင်ဆိုင်ရမှာဖြစ်ကာ မေလ  ၁၇ရက်နေ့မှာတော့ ၀က်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒီဇင်ဘာပွဲကျပ်ကာလမှာတော့ ၇ပွဲအထိကစားရမှာဖြစ်ပြီး မန်ယူ (အဝေး) ၊ ချဲလ်ဆီး (အဝေး) စတဲ့ပွဲကျပ်တွေပါဝင်နေပါတယ်။

#နောဝစ်ခ်ျ #ရှက်ဖီးလ်ယူနိုက်တက်