ရှေ့သို့
Image

မန်ယူအသင်းရဲ့နွေရာသီ အပြောင်းအရွှေ့ကို လေ့လာကြည့်ခြင်း

4:25 PM, 9 August

ပရီးမီးယားလိဂ်ရဲ့နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ကတော့ ကြာသပတေးနေ့ ပိတ်သိမ်းသွားခဲ့တာဖြစ်ပြီး မန်ယူအသင်းရဲ့ အပြောင်းအရွှေ့မူဝါဒက  မပြောင်းလဲပဲ ယခင်ရာသီတွေတုန်းကလိုပဲ အေးစက်ခဲ့ပါတယ်။

အဓိက ကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာ နဲ့ ဒီဂီယာကို ဆက်ထိန်းနိုင်ခဲ့ပေမယ့် တိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းထံ ပြန်လည် ရောင်းချခဲ့ရပါတယ်။

ကစားသမားသစ် တော်တော်များများကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် တကယ်တမ်း ခေါ်ယူခဲ့တာက ကစားသမား ၃ ယောက်ပါ။

စပေါ့မေးလ် သတင်းဌာနကတော့ ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ကို အခုလို အကဲဖြတ်ထားပါတယ်။


မန်ယူအသင်းရဲ့အကောင်းဆုံးခေါ်ယူမှု

================

ယူနိုက်တက်အသင်းဟာ လက်ရှိ အပြောင်းအရွှေ့ရာသီမှာ ကစားသမားသစ် ၃ ဦးကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ကတော့ ယူနိုက်တက်အသင်းရဲ့ ပထမဆုံးခေါ်ယူမှုဖြစ်ခဲ့ပြီး ပေါင် ၁၇ သန်း နဲ့ ဆွမ်ဆီး အသင်းကနေ ခေါ်ယူခဲ့ပါတယ်။ ဒါကြောင့် တောင်ပံတိုက်စစ်ပိုင်းက ယူနိုက်တက်အတွက် အားထားစရာ ဖြစ်လာဖွယ် ရှိနေပါတယ်။

ဒုတိယ ကစားသမားအဖြစ် ပဲလေ့စ် ညာနောက်ခံလူ ၀မ်ဘစ်ဆာကာကတော့ ယူနိုက်တက် အသင်းရဲ့ ဒုတိယမြောက် ခေါ်ယူမှုဖြစ်ပြီး ဗလန်စီယာရဲ့ နေရာကို အကောင်းဆုံး အစားထိုးနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

တတိယ ကစားသမားကတော့ လက်စတာနောက်ခံလူ မက်ဂွါရီဖြစ်ပြီး ယူနိုက်တက်အသင်းရဲ့ အကောင်းဆုံး ခေါ်ယူမှုတစ်ခုလို့ သတ်မှတ်ရမှာဖြစ်ပြီး ဟာကွက်ဖြစ်နေတဲ့ ခံစစ်ကိုအကောင်းဆုံး ဖာထေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ခံလူ မက်ဂွါရီဟာ ကမ္ဘာ့ဈေးအကြီးဆုံး နောက်ခံလူတစ်ဦး ဖြစ်လာခဲ့ကာ ယူနိုက်တက် အသင်းရဲ့ ယိုယွင်းနေတဲ့ ခံစစ်ကို အားဖြည့်ပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ကစားသမား ထွက်ခွာသွားမှု

===============

ကွင်းလယ်ကစားသမား ဟာရဲရားကတော့ ပီအက်စ်ဂျီအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်တို့ အခုနွေရာသီမှာ ကွင်းလယ်နေရာကို မဖြည့်နိုင်ခဲ့ပါဘူး။

ညာနောက်ခံလူ ဗလန်စီယာကိုလည်း အသင်းပရိသတ်တွေ သတိရနေမှာ သေချာပါတယ်။ သူ့ရဲ့ အကောင်းဆုံး အချိန်ကာလကို ယူနိုက်တက်မှာ ဖြတ်သန်းခဲ့ပါတယ်။ အဆိုပါ ညာနောက်ခံလူ နေရာကိုတော့ ပဲလေ့စ်ကစားသမားနဲ့ အစားထိုးထားပါတယ်။ ဒါပေမယ့် ညာနောက်ခံ ကစားသမားသစ်အနေနဲ့ အသင်းသစ်မှာ အမြန်ဆုံး အထိုင်ကျမလားဆိုတာ စောင့်ကြည့်ရမှာပါ။


လာမယ့်ရာသီသစ် ယူနိုက်တက်အသင်းရဲ့အလားအလာ

=================

ဘွတ်ကီဒိုင်တွေကတော့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ဗိုလ်စွဲနိုင်ချေ ရာခိုင်နှုန်းဟာ ၄၀-၁ သာဖြစ်တယ်လို့ ကြေးဖွင့်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ချန်ပီယံ မန်စီးတီးအသင်းရဲ့နောက် ၃၂ မှတ်အထိ ကွာဟခဲ့ပြီး ရာသီအကုန် အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ထို့အပြင် အခုရာသီသစ်မှာလည်း အများဆုံးအဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။


ယူနိုက်တက်ရဲ့ ခံစစ်ပိုင်း

============

လက်ရှိ ယူနိုက်တက်အသင်း ခံစစ်ပိုင်းမှာတော့ ဗဟိုခံစစ်ကစားသမား ၇ ဦးအထိ ရှိနေပါတယ်။ အဆိုပါ ၇ ဦးထဲမှာ ၂ ဦးကတော့ ပိုလျှံကစားသမားဖြစ်လာဖွယ်  ရှိနေပါတယ်။ 

မက်ဂွါရီ နဲ့ လင်ဒီလော့ဖ်တို့အတွဲက အဓိက ဦးစားပေးအတွဲ ဖြစ်လာဖွယ်ရှိနေပြီး စမောလင်း နဲ့ ဖီးလ်ဂျုံးစ်တို့ အတွဲက အရန်အတွဲ ဖြစ်လာဖွယ် ရှိနေပါတယ်။ 

ဘိုင်လီကတော့ ဒဏ်ရာရရှိနေပြီး ရိုဂျို ၊ တူရန်ဇီဘီတို့ ၃ ဦးကျန်ရှိနေကာ  ညာနောက်ခံ ကစားသမား ဖိုဆူ မန်ဆက်ဂ်ျကတော့ အငှားထွက်ကစားဖွယ် ရှိနေပါတယ်။


အားလုံးကို ခြုံငုံသုံးသပ်ကြည့်ခြင်း

==============

ယူနိုက်တက်အသင်းရဲ့ လက်ရှိအပြောင်းအရွှေ့ ရာသီကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်တော့ ခံစစ်ပိုင်းက ပြီးခဲ့တဲ့ရာသီကထက် အတော်လေးကို တောင့်တင်းလာတယ်လို့ ဆိုရမှာဖြစ်ပြီး ဟာရဲရား ထွက်ခွာသွားတဲ့ ကွင်းလယ်ပိုင်း ၊ လူကာကူ ထွက်ခွာသွားတဲ့ တိုက်စစ်ပိုင်းတွေကတော့ အစားမထိုး နိုင်ခဲ့တာကြောင့် အားနည်းဖွယ် ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အယ်ဒီတာအကြိုက် #ဒန္နီ အဲဗက္စ္ #၀မ္ဘစ္ဆာကာ