ရှေ့သို့
Image

ကိုပါအမေရိကဖလားမှာ ပြုမူခဲ့တာတွေကြောင့် နိုင်ငံတကာ ပွဲစဉ်တွေကနေ နှစ်လ ပွဲပယ်ခံလိုက်ရတဲ့ ဂျီးဆပ်

3:22 PM, 8 August

ပြီးခဲ့တဲ့လက ကိုပါအမေရိက ဖိုင်နယ်မှာ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပြုမူခဲ့တဲ့ အပြုအမူတွေကြောင့်  ဘရာဇီး လက်ရွေးစင် ဂါဘရီရယ်ဂျီးဆပ်ကို တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က နိုင်ငံတကာ ပွဲစဉ်တွေကနေ နှစ်လပွဲပယ်ပြစ်ဒဏ် သတ်မှတ်လိုက်ပါတယ်။
ဇူလိုင်လ ၇ ရက်နေ့က မာရာကာနာ ကွင်းကြီးထဲမှာ ပီရူးအသင်းကို ၃ - ၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ တစ်ဂိုးဖန်တီးပြီး တစ်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဘရာဇီးအသင်းအတွက်တော့ ဒါဟာ ၉ ကြိမ် မြောက် တောင်အမေရိက ချန်ပီယံဆုကို ရရှိခဲ့တာလဲ ဖြစ်ပါတယ်။
မန်စီးတီးအသင်း တိုက်စစ်မှူးဟာ ပီရူးကစားသမား ကားလို့စ်ဇမ်ဘရာနိုကို အ၀င်ကြမ်းခဲ့လို့ ချီလီလူမျိုး ဒိုင်လူကြီး ရော်ဘတ်တိုတိုဘာက ဒုတိယအ၀ါကတ်ပြပြီး ပြိုင်ပွဲကနေ ထုတ်ပယ်ခြင်း ခံခဲ့ရတာကြောင့် မကျေမနပ်နဲ့ VAR မော်နီတာကို တွန်းထိုးပြီး ဥမင်အတွင်းမှာ ငိုကြွေးခဲ့ပါတယ်။
တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က ဗုဒ္ဓဟူးနေ့က ဂျီးဆပ်ကို နှစ်လပွဲပယ်ကြောင်း ကြေညာခဲ့ပါတယ်။ ကြေညာချက်ထဲမှာတော့ “ ပွဲပယ်ကာလအတွင်း ကစားသမားဟာ နိုင်ငံအသင်းရဲ့ တရားဝင် ပြိုင်ပွဲတွေနဲ့ ခြေစမ်းပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ခွင့်မရှိပါ “ လို့ ထုတ်ပြန်ထားခဲ့ပါတယ်။
ဒဏ်ငွေအဖြစ်လည်း ဒေါ်လာ ၃၀၀၀၀ ပေးဆောင်ဖို့ ချမှတ်ခံခဲ့ရပြီး စက်တင်ဘာလထဲမှာ ကစားမယ့် ကိုလံဘီယာ၊ ပီရူးတို့နဲ့ ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အယူခံဝင်ဖို့ ၇ ရက်အချိန် ပေးထားပါတယ်။
ဒီသတင်းတွေက မန်စီးတီးအသင်းကိုတော့ ထိခိုက်မှု လုံးဝမရှိပါဘူး။ မန်စီးတီးအသင်းဟာ နောက်နှစ်အပြောင်းအရွှေ့မှာ ကစားသမားကို နိုင်ငံအသင်းစီ စေလွှတ်ဖို့ မလိုအပ်တော့ပါဘူး။
ဂျီးဆပ်ဟာ မန်စီးတီးမှာတော့ ဒဏ်ရာတွေနဲ့ လုံးပန်းနေရပြီး ၂၀၁၇ ခုနှစ်မှာ ခြေဖ၀ါးဒဏ်ရာကြောင့် ၁၃ ပွဲ လွဲချော်ခဲ့ပြီး ၂၀၁၈ ခုနှစ်ကလည်း ဒူးဒဏ်ရာကြောင့် ၁၂ ပွဲ လွဲချော်ခဲ့တာ တွေ့ခဲ့ရပါတယ်။
မန်စီးတီးအသင်းမှာ နောက်ထပ် တောင်အမေရိကသား တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဆာဂျီယိုအဂူရိုကိုလည်း တောင်အမေရိကပြိုင်ပွဲတွေရှိတိုင်း လက်လွှတ်ပေးရလေ့ရှိတာကြောင့် ဂျီးဆပ်ရဲ့ ပွဲပယ်ပြစ်ဒဏ်က ဂွါဒီယိုလာ အတွက်တော့ ၀မ်းသာစရာသတင်းလို့တောင် ဆိုလို့ရပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် စနေနေ့မှာ ၀က်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲပြီးရင်တော့ စက်တင်ဘာလ အတွင်းမှာ တော့တင်ဟမ်၊ ဘုန်းမောက် နဲ့ ဘရိုက်တန်တို့ကို ဆက်တိုက်ဆိုသလို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဂျီးဆပ်အပြင် ကိုပါအမေရိက ဖလားချန်ပီယံ ဘရာဇီးအသင်းကိုလည်း အိမ်ကွင်း ပရိသတ်တွေရဲ့ အားပေးပုံ ဆိုးရွားမှုကြောင့် ဒေါ်လာ ၁၅၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။
ကိုပါအမေရိကဖလားပြိုင်ပွဲဟာ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ကို တော်တော်လေး အလုပ်ရှုပ်သွားစေပြီး အာဂျင်တီးနားစတား မက်ဆီနဲ့ ချီလီက ဂယ်ရီမီဒယ်တို့ကို ပွဲပယ်နဲ့ ဒဏ်ငွေပြစ်ဒဏ်တွေ ချမှတ်ခဲ့ရ ပါသေးတယ်။
မက်ဆီကတော့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အကျင့်ပျက်ခြစားမှုတွေ ရှိနေကြောင်း ဝေဖန်ခဲ့တာကြောင့် သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

#ဂျီးဆပ်စ်