ရှေ့သို့
Image

ဝိန်းရွန်းနီရဲ့ ရည်ရွယ်ချက်က အိုးထရက်ဖို့ဒ်ကို နည်းပြအဖြစ်နဲ့ ပြန်လာနိုင်ဖို့ပါ ဆိုတဲ့ ရီယိုဖာဒီနန်

11:44 AM, 7 August

ဝိန်းရွန်းနီဟာ တစ်ချိန်ချိန် ကျရင်တော့ ယူနိုက်တက်ကို နည်းပြအဖြစ်နဲ့ ပြန်လာလိမ့်မယ်လို့ အသင်းဖော်ဟောင်း ရီယိုဖာဒီနန်က ဖွင့်ဟခဲ့ပါတယ်။

ရွန်းနီဟာ ဒီစီယူနိုက်တက်ကနေ ဒါဘီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဇန်န၀ါရီလမှ စတင်ကာ နည်းပြဘ၀ကို ခြေချတော့မှာလဲ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ရွန်းနီဟာ ချန်ပီယံရှစ်ကလပ်နဲ့ ကစားသမား နည်းပြအဖြစ် ၁၈ လ စာချုပ် ချုပ်ဆိုခဲ့တာလဲ ဖြစ်ပါတယ်။ 

ဒါဘီအသင်းနဲ့အတူ အောင်မြင်မှု ရခဲ့ပြီး ယခုလက်ရှိ ချယ်လ်ဆီးအသင်း နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဖရန့်လမ်းပတ်ရဲ့ ခြေရာကို နင်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဖာဒီနန်က Daily star ကို ပြောရာမှာတော့ “ သူ့ ရည်ရွယ်ချက်က မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်နိုင်ဖို့ပါ။ ၁၀၀ ရာခိုင်နှုန်း သေချာတယ်။ သူတခြားဟာတွေ လျှောက်ပြောနေရင် သူ လိမ်တာ။ သူလုပ်ချင်တာက ယူနိုက်တက် နည်းပြပဲ။

သူဒီအလုပ်ကို တကယ်လုပ်နိုင်လား မလုပ်နိုင်ဘူးလား ဆိုတာကတော့ အချိန်က စကားပြောသွားလိမ့်မယ်။ ယူနိုက်တက်ကို နည်းပြခွင့်မရခင် သူလုပ်ရမှာတွေ အများကြီး ကျန်သေးတယ်။ ဒါပေမယ့် ချဲလ်ဆီးက လွဲရင် စိတ်ထဲမရှိတဲ့ ဖရန့်တောင် နောက်ဆုံးမှာ သူရည်ရွယ်ချက် အတိုင်း လုပ်နိုင်သွားသေးတာပဲ။ ၀ိန်းဆီမှာလဲ ဒါမျိုး ဖြစ်လာနိုင်ပါတယ် ကျွန်တော်တို့ စောင့်ကြည့် ကြတာပေါ့ ။ သူ ဒီအလုပ်ကို လက်ခံလိုက်တာ ကျွန်တော်တော့ မအံ့သြဘူး။ သူနဲ့ စကားပြောပြီး ကတည်းက သူလုပ်ချင်တာကို ကျွန်တော်သိပြီးသား။ ဒါ သူ့အတွက် သိပ်ကို ကောင်းတဲ့ အခွင့်အရေးပါ ။ “ 

ဖာဒီနန်ကတော့ ၀ိန်းရွန်းနီရဲ့ မှင်သေသေ မျက်နှာထားက နည်းပြ လမ်းကြောင်း ပေါ်မှာ အောင်မြင် စေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဖာဒီနန်က “ သူက ပိုကာဆော့တာ တော်တယ်လေ။ သူ ဘာကိုင်ထားလဲ ခန့်မှန်းလို့ မရဘူး။ သူနဲ့ စကားပြောတော့မှ ‘ ဟင် သူ့အမြင်က ဒီလိုပါလား ‘ ဆိုပြီး သဘောပေါက် သွားလိမ့်မယ်။ အဲ့ဒီလို မှင်သေတာ အရမ်းကောင်းတယ်။ ပြီးတော့ ကစားသမားတွေကို  အကြည့်လွန်ပြီး ဘယ်နေရာ ထားကစား ရမှန်း မသိတာမျိုး ဖြစ်လို့မရဘူး။ ကစားသမားတွေကို လွတ်လွတ်လပ်လပ် ကစားခိုင်းလိုက်ပါ။ ဥပမာ ပြောရရင် ဆာအဲလက်စ် ဖာဂူဆန်ဆိုရင်လဲ ကစားသမားတွေကို ပြောင်းလဲ တတ်တာပဲ။ ဒီတစ်ပတ် ပွဲထွက်မှာ နာနီလား ဂစ်လား ၊ ခရစ္စတီယာနိုက အလယ်မှာ ကစားမှာလား ဘယ်ခြမ်းမှာ ကစားမှာလား ။ အသင်းမှာ နေရာချနိုင်ဖို့ လိုပါတယ်။ဒီလို အမြင်မျိုး ၀ိန်းမှာလဲ ရှိတယ်။ သူ့အမြင်ကို ပြောပြရမှာ မကြောက်တာက ကောင်းတဲ့ အချက်ပါ။ သူက ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ တစ်ခါတစ်လေ ခန့်မှန်းရခက်ပေမယ့် သူက လူငယ်တွေနဲ့လဲ ဆက်ဆံရေး ကောင်းတယ်။ လူငယ်တွေလိုမျိုးလဲ လိုက်ပြောနိုင်တယ်။

သူက တော်တော်လဲ ကံကောင်းတယ်။ ဘယ်ကစားသမားမှ သူ့လိုမျိုး နည်းပြကောင်းတွေ လက်အောက်မှာ မကစားခဲ့ဖူးဘူး။ သူနဲ့အလုပ်တွဲလုပ်ခဲ့တဲ့ နည်းပြတွေကိုလဲ ကြည့်ဦး ဖာဂူဆန် ၊ ဗန်ဟား ၊ မော်ရင်ဟို ၊ ကာပယ်လို တို့လို နည်းပြတွေ ။ သက်ဆိုင်ရာ အသင်းတွေမှာ အကောင်းဆုံးတွေပဲ ဖန်တီးပေးခဲ့တဲ့ နာမည်ကြီး နည်းပြတွေ အဲ့ဒီနှစ်တွေထဲမှာ ဒီနည်းပြတွေရဲ့  နည်းပြပုံ နည်းပြဟန်တွေကို သူ အတုယူ ထားနိုင်မှာပါ။ သူအမြင်ကျယ်ဖို့တော့ လိုတယ် “ လို့ ပြောခဲ့ပါတယ်။

ရွန်းနီဟာ လာမယ့်နှစ်စကနေ စတင်ပြီး ဒီစီ ယူနိုက်တက်ကနေ ဒါဘီအသင်းကို ပြောင်းရွှေ့လာတော့မှာပါ။ ရွန်းနီက ဒါဘီအသင်းရဲ့ တရားဝင် ၀က်ဘ်ဆိုက်ကနေ “ ဒါဘီကောင်တီ အသင်း ကျွန်တော့်ကို ပေးခဲ့တဲ့ အခွင့်အရေးအတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ နည်းပြဖီးလစ်ကိုကူရဲ့ နည်းပြအဖွဲ့ဝင် တစ်ယောက်အနေနဲ့ လာမယ့် ဇန်န၀ါရီလကနေ စတင်ပြီး တာဝန် ထမ်းဆောင်မှာပါ။ ကျွန်တော် အသင်းကို အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။ အားလုံးနဲ့ အရမ်း တွေ့ချင်နေပါပြီ။ အထူးသဖြင့် ပရိတ်သတ်တွေနဲ့ပါ။  ဒါဘီကောင်တီရဲ့ ပထမအသင်းကြီးနဲ့ အကယ်ဒမီမှာပါ။ နည်းပြဘ၀ ပထမဆုံး စတင်ရမှာ ဖြစ်တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ဒီအခွင့်အရေးကို ရယူခွင့်ပေးတဲ့ ဒီစီယူနိုက်တက်က အသင်းပိုင်ရှင်တွေ ၊ ၀န်ထမ်းတွေနဲ့ ပရိတ်သတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်။ ပလေးအော့ဖ်အတွက် ကျွန်တော် တတ်စွမ်းသမျှ အစွမ်းကုန် ကြိုးစား သွားမယ်လို့ အသိပေးချင်ပါတယ် “ ဆိုပြီး ပြောသွားခဲ့ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဒါဘီ