ရှေ့သို့
Image

Player – coach အဖြစ် ဒါဘီအသင်းနဲ့ ၁၈ လ စာချုပ် ချုပ်ဆိုလိုက်တဲ့ ရွန်းနီ

9:45 AM, 7 August

ဒါဘီကောင်တီအသင်းဟာ ဒီစီယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရွန်းနီကို ၂၀၂၀ ဇန်န၀ါရီလ အထိရှိစေမယ့် စာချုပ်သစ်တစ်ရပ် ခေါ်ယူလိုက်ပါတယ်။

တိုက်စစ်မှူး ရွန်းနီဟာ ဒါဘီအသင်းမှာ Player – coach အဖြစ်ပါလုပ်ကိုင်ဆောင်ရွက်မှာဖြစ်ပါတယ်။

ထို့အပြင် ဒါဘီအသင်းဟာ 32Red နဲ့ စပွန်ဆာ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး တိုက်စစ်မှူး ရွန်းနီဟာ အဆိုပါစပွန်ဆာရဲ့နံပါတ်ဖြစ်တဲ့ ၃၂ကို ကျောနံပါတ်အဖြစ် ၀တ်ဆင်ကစားမှာဖြစ်ပါတယ်။

“ကျွန်တော့်ကို ဒါဘီအသင်းက အခွင့်အရေးပေးခဲ့တဲ့အတွက် အရမ်းပဲစိတ်လှုပ်ရှားနေပါတယ်”လို့ ရွန်းနီက ပြောပါတယ်။

“ကျွန်တော်အခု အတော်လေးကို စိတ်လှုပ်ရှားနေပါတယ်။ ပြီးတော့ အသင်းတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံရဖို့မစောင့်နိုင်အောင်ဖြစ်နေပါတယ်။ အထူးသဖြင့် အသင်းပရိသတ်တွေကိုပါ။ ဒါဘီအသင်းနဲ့ နည်းပြဘ၀ကို စတင်ရမှာဖြစ်တဲ့အတွက်လည်း ဖော်မပြနိုင်အောင် ၀မ်းသာပါတယ်”လို့ ရွန်းနီက ဆိုပါတယ်။

ဒါဘီအသင်းဟာ တိုက်စစ်မှူး ရွန်းနီကို ၁၈လ စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ကာ တစ်နှစ်လခပေါင် ၈သန်း အထိ ရရှိဖွယ်ရှိနေပါတယ်။

ဒီစီယူနိုက်တက်အသင်းမှာတော့ တိုက်စစ်မှူး ရွန်းနီဟာ တစ်နှစ်လုပ်ခ ပေါင် ၂.၂၂သန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၃၃နှစ်သားဟာ အင်္ဂါနေ့မှာ အမေရိကန်က အင်္ဂလန် ဟီသရိုးလေဆိပ်ကို ရောက်ရှိလာခဲ့တဲ့ ပုံရိပ်တွေကို မြင်တွေ့ခဲ့ရပါတယ်။

ဝက်စ်ဘရွန်းအသင်းကလည်း တိုက်စစ်မှူး ရွန်းနီကိုခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ဒါဘီအသင်းက လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

“ရွန်းနီက တကယ်ကောင်းတဲ့ ထိပ်တန်းကစားသမားတစ်ဦးပါ။ သူ့ကို ကျွန်တော်တို့ ခေါ်ယူနိုင်ခဲ့တဲ့အတွက် အသင်းအတွက် အများကြီးအကျိုးရှိလာတော့မှာပါ။ သူဟာ အင်္ဂလန်မှာကော အမေရိကန်မြေမှာပါ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်”လို့ ကိုကူက ပြောပါတယ်။

တိုက်စစ်မှူး ရွန်းနီဟာ ဒီစီယူနိုက်တက်အသင်းကို အဲဗာတန်အသင်းကနေ ပြီးခဲ့တဲ့နှစ်နွေရာသီ ပြောင်းရွှေ့သွားခဲ့တာဖြစ်ကာ အသင်းအတွက် ၄၃ ပွဲမှာ ၂၃ ဂိုးသွင်း  ၁၄ ဂိုး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ၀ိန်းနဲ့ စကားပြောဆိုပြီးပါပြီ။ အတော်လေးကို ခက်ခဲတဲ့ အခြေအနေတစ်ရပ်ပါ။ သူကလည်း အင်္ဂလန်ကိုပြန်ချင်နေပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ သူ့ဆန္ဒကို လိုက်လျောခဲ့ရပါတယ်။ သူဟာ တကယ်ကောင်းတဲ့ထိပ်တန်း တိုက်စစ်မှူးတစ်ဦးပါ။ သူအသင်းသစ်မှာ အောင်မြင်တွေရပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ဒီစီယူနိုက်တက်ဒုတိယ ဥက္ကဌ ဂျက်ဆန် လီဗီရန်က ပြောကြားခဲ့ပါတယ်။

#ဒါဘီ