ရှေ့သို့
Image

အသင်းပြောင်းလိုနေတဲ့ ဇာဟာအတွက် ငွေသားပေါင် ၆၅ သန်းအပြင် တိုဆန်နဲ့မက္ကာသီပါ အဲဗာတန်အလိုက်ပေးကမ်းလှမ်းဟုဆို

9:41 AM, 6 August

သတင်းတွေရဲ့ဖော်ပြချက်အရ အဲဗာတန်ဟာ အသင်းပြောင်းရွှေ့လိုနေတဲ့ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းအပြင် အသင်းရှိတိုက်စစ်မှူး တိုဆန်နဲ့ ကွင်းလယ်လူ မက္ကာသီတို့ကိုပါ အလိုက်ပေးကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

ဇာဟာဟာ ပဲလေ့စ်အသင်းမှာ ပွဲပေါင်း ၃၀၀ ကျော်ကစားထားပြီး ပရိသတ်တွေရဲ့အချစ်တော်ဖြစ်လာသလို ပရီးမီးယားလိဂ်ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံး ကစားသမားတစ်ဦးလည်းဖြစ်လာပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင် ဇာဟာဟာ ယခုနွေရာသီအတွင်း အသင်းပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး အစောပိုင်းက သူအားပေးလာခဲ့တဲ့ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့လိုခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်က ဇာဟာအတွက် ပဲလေ့စ်အသင်းရဲ့တန်ကြေးသတ်မှတ်မှုကို လိုက်မမီခဲ့ဘဲ ဇာဟာရဲ့အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းဖော် နီကိုလပ်စ်ပီပီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။

အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗားက ဇာဟာကို ခေါ်ယူဖို့ အတော်လေးစိတ်အားထက်သန်နေပြီး ဈေးကွက်ပိတ်မယ့် ကြာသပတေးနေ့မတိုင်ခင် အရယူခေါ်ယူနိုင်ဖို့ အဲဗာတန်အသင်းတာဝန်ရှိသူတွေကို တွန်းအားပေးလျက်ရှိပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ ဇာဟာရဲ့တန်ဖိုးကို ပေါင်သန်း ၁၀၀ သတ်မှတ်ထားပြီး အဲဒီအတွက်ကြောင့် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့အတူ တိုဆန်နဲ့ မက္ကာသီတို့ကို အလိုက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဇာဟာလည်း ပြီးခဲ့တဲ့တနင်္လာနေ့က ပဲလေ့စ်အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ဒီရက်သတ္တပတ်အကုန်မှာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲ ကစားရမှာဖြစ်ပါတယ်။

#ဇာဟာ