ရှေ့သို့
Image

မိုနာကို အသင်းမှာ အွန်နရီ ကျဆုံးရတဲ့အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ ပီတစ်

3:09 PM, 5 August

အာဆင်နယ်အသင်း ကစားသမားဟောင်း  ပီတစ်က မိုနာကိုအသင်းကို နည်းပြအဖြစ် ကိုင်တွယ်တဲ့ အွန်နရီ ကျဆုံးခဲ့ရတဲ့ အကြောင်းအရင်းဟာ ကစားသမားတစ်ဦးရဲ့ ပုံသေအတွေးအခေါ် တစ်ခုကြောင့်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ရယူထားခဲ့တဲ့ ပီတစ်က အသင်းဖော်ဟောင်း အွန်နရီဟာ ၂၀၀၉ခုနှစ်က  ကစားခဲ့တဲ့ အိုင်ယာလန်အသင်းနဲ့ပွဲစဉ်မှာ လက်ထိဘော အမည်းစက်က စွန်းထင်နေတုန်း ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်စစ်မှူး အွန်နရီဟာ  မိုနာကိုအသင်းနည်းပြအဖြစ် ၃လတာ ကိုင်တွယ်ခဲ့ပြီး ပွဲပေါင်း ၂၀ မှာ ရလဒ်ကောင်းတွေ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ဇန်န၀ါရီလမှာ နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

“အွန်နရီဟာ တကယ်ကောင်းတဲ့ တိုက်စစ်မှူးကောင်း တစ်ဦးပါ။ လူတိုင်းက သူကွင်းထဲရောက်ပြီဆို ဘာတွေလုပ်ပြမလဲဆိုတာ သိနေပါတယ်။ အခု သူ မိုနာကိုအသင်းကို နည်းပြအဖြစ် စတင် ကိုင်တွယ်ခဲ့ပေမယ့် ပုံစံကောင်း တစ်ရပ်တော့ မပြသနိုင်ခဲ့ပါဘူး။ ကစားသမားတစ်ဦးအဖြစ် သူ့စိတ်ထဲမှာ ရှိနေ သေးလို့ ကျွန်တော် ထင်ပါတယ်”လို့ ပီတစ်ကပြောပါတယ်။

‘‘ကိုယ်က နည်းပြတစ်ဦး ဖြစ်ချင်တယ်ဆိုရင် ကစားသမားဘ၀က အဖြစ်အပျက်တွေကို စိတ်ထဲကနေ ရှင်းထားဖို့လိုပါတယ်။ လေ့ကျင့်ရေးကွင်းမှာလည်း ကစားသမားတွေကို နည်းပြတစ်ဦးရဲ့ လမ်းစဉ်အတိုင်း လိုက်နာ ကျင့်သုံးဖို့လိုပါတယ်။ ပထမဆုံးအလုပ်မှာတော့ အခက်အခဲတွေ အများကြီးနဲ့ကြုံတွေ့ရမှာပါပဲ”လို့ ပီတစ်ကဆိုပါတယ်။

“ကစားသမားတစ်ဦးအနေနဲ့ အာဆင်နယ် အသင်းမှာ ရယူခဲ့တဲ့အောင်မြင်မှုတွေက အများကြီးပါ။ နည်းပြအဖြစ်လည်း ဆက်လက်အောင်မြင်မှု ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် သူ့ကို ဂိုးသွင်းပြီးတဲ့ အချိန်တိုင်း ပြောပါတယ်။ အသင်းပရိသတ်တွေနဲ့ ချိတ်ဆက်ဖို့၊ တစ်ဦးတည်း မနေဖို့ပြောပါတယ်။ ဒါပေမယ့် သူကတော့ မကြိုက်ပါဘူး”လို့ ပီတစ်က ပြောပါတယ်။

နောက်ပြီး ပီတစ်က ပြင်သစ်အသင်းအတွက် ၁၂၃ ပွဲမှာ ၅၁ဂိုး အထိ သွင်းယူထားနိုင်ခဲ့တဲ့ အွန်နရီဟာ အာဆင်နယ်မှာထက် ပြင်သစ်မှာ အလေးပေးခံရမှု နည်းပါးတယ်လို့ ပြောကြားခဲ့ပါတယ်။

“သူ (အွန်နရီ)က အင်္ဂလန်မှာ အလေးပေးခံရမှု များပါတယ်။ ဒါပေမယ့် ပြင်သစ်မှာတော့ အင်္ဂလန်ကလိုမျိုး မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် အိုင်ယာလန်အသင်းနဲ့ပွဲစဉ်ကြောင့်လို့ထင်ပါတယ်”လို့ ပီတစ်ကပြောပါတယ်။

အသက် ၄၈ နှစ်သားဟာ အာဆင်နယ်အသင်းမှာ ၃နှစ်သာ ကစားပြီး ဘာစီလိုနာအသင်းထံ အလောတကြီး ပြောင်းရွှေ့ခဲ့တယ်လို့ ၀န်ခံ ပြောကြားခဲ့ပါတယ်။

#မိုနာကို #မိုနာကို #အွန်နရီ #ပီတစ်