ရှေ့သို့
Image

ဒေါ့မွန် ၂ - ၀ ဘိုင်ယန်မြူးနစ်: ဆန်ချိုရဲ့သွင်းဂိုး ၊ ဂိုးဖန်တီးမှုတွေနဲ့ ဂျာမန်စူပါဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဒေါ့မွန်

10:31 AM, 4 August

ဒေါ့မွန်အသင်းဟာ ဂျာမန်စူပါဖလားပြိုင်ပွဲမှာတော့ တောင်ပံကစားသမား ဆန်ချိုရဲ့ခြေစွမ်းပြမှုနဲ့အတူ ဘိုင်ယန်မြူးနစ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ၄ ကြိမ်မြောက် စူပါဖလားကို ရယူနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ တောင်ပံကစားသမား ဆန်ချိုဟာ အထူး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ကိုယ်တိုင်လည်း သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့သလို တိုက်စစ်မှူး အယ်လ်ကာဆာကိုလည်း သွင်းဂိုး ၁ ဂိုး ဖန်တီးပေး နိုင်ခဲ့ပါတယ်။

နည်းပြ ဖာဘရီရဲ့ ဒေါ့မွန်အသင်းဟာ ပုံစံကောင်းတစ်ရပ်ပြသနိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရပြီး လာမယ့် ရာသီသစ်မှာတော့ ဂျာမန်ဘွန်ဒက်လီဂါဖလားကို ရယူနိုင်တဲ့အနေအထားတစ်ရပ်အဖြစ်မြင်တွေ့ခဲ့ရပါတယ်။

ပွဲကစားချိန် ၁ မိနစ်မှာပဲ ဒေါ့မွန်အသင်း ကွင်းလယ်ကစားသမား မာကိုရူးစ်ရဲ့ ကန်သွင်းချက်ကို ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာ ကာကွယ်နိုင်ခဲ့လို့ ဒေါ့မွန်အသင်း ဦးဆောင်ဂိုးရရှိဖို့ အခွင့်အရေးနစ်နာခဲ့ရပါတယ်။

နောက်ထပ်ပွဲကစားချိန် ၁၄ မိနစ်မှာလည်း တိုက်စစ်မှူး အယ်လ်ကာဆာတစ်ယောက် ထပ်မံကန်သွင်းခွင့်ရခဲ့ပေမယ့် ထပ်မံလွဲချော်ခဲ့ပြန်ပါတယ်။

ပွဲကစားချိန် ၂၃မိနစ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းတောင်ပံကစားသမား ကိုးလ်မန်းရဲ့ကန်ချက်ကောင်းခဲ့ပေမယ့် ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲကစားချိန် ၄၈ မိနစ်မှာတော့ ဒေါ့မွန်အသင်း အဖွင့်ဂိုးရရှိခဲ့ပြီး အဆိုပါသွင်းဂိုးကို ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုက ဖန်တီးပေးခဲ့ပြီး တိုက်စစ်မှူး အယ်လ်ကာဆာက သွင်းယူပေးခဲ့ပါတယ်။

အဲ့နောက် ပွဲကစားချိန် ၅၈ မိနစ်မှာ ဘိုင်ယန်မြူးနစ်အသင်း ၂ကြိမ်တိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ဒေါ့မွန်ဂိုးသမားနဲ့နောက်တန်း ကာကွယ်နိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်း နစ်နာခဲ့ရပါတယ်။

ပွဲကစားချိန် ၆၉ မိနစ်မှာတော့ ဒေါ့မွန်အသင်းက နောက်ထပ်ဦးဆောင်ဂိုး တစ်ဂိုးရရှိခဲ့ပြီး အဆိုပါသွင်းဂိုးကို ဒီနေ့ပွဲမှာ ခြေစွမ်းပြကစားနေတဲ့ တောင်ပံကစားသမား ဆန်ချိုက တစ်ကိုယ်တော် ဆွဲပြေးပြီး ကန်သွင်းခဲ့ကာ ဒေါ့မွန်အတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒေါ့မွန်အသင်းက ပွဲကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာကြောင့်ပွဲအပြီးမှာ ဒေါ့မွန်အသင်းက ၂-၀ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဂျာမန်စူပါဖလားကို ရယူနိုင်ခဲ့ပါတယ်။

#ဆန်ချို