ရှေ့သို့
Image

မန်စီးတီးနဲ့ ပွဲစဉ်မှာ အဓိက တိုက်စစ်မှူး ၂ ဦးကို ပွဲထုတ်လာနိုင်တဲ့ လီဗာပူး

10:56 AM, 1 August

လီဗာပူး အသင်းဟာ မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဆာလက်နဲ့ ဖာမီနိုကို ပွဲထုတ်ဖို့အတွက် စဉ်းစားနေကြောင်း နည်းပြ ကလော့ပ်က ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိပေမယ့် ယမန်နေ့ညက ကစားခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ ပွဲစဉ်မှာတော့ အားလပ်ရက်ကနေ ပြန်လာခဲ့တဲ့ ဆာလတ်နဲ့ ဖာမီနိုတို့ကို အသုံးပြုခဲ့ပြီး ၃-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။

ဆာလတ်နဲ့ ဖာမီနိုတို့ဟာ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေကို တနင်္လာနေ့က ပြန်လာခဲ့ပြီး လီဗာပူးအသင်းရဲ့ တိုက်စစ်ကို အားဖြည့်ခဲ့ကာ လိုင်ယွန်အသင်းကို ဂိုးပြတ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ ကလော့ပ်ကတော့ ကွန်မြူနတီဒိုင်းမှာ အဆိုပါ တိုက်စစ်မှူး ၂ ဦးကို အသုံးပြုဖို့ မသေချာသေးဘုးလို့ ပြောခဲ့ပါတယ်။

ဖာမီနိုဟာ လီဗာပူး အသင်းအတွက် ပွဲထွက် ကစားခဲ့ပြီး  ပထမပိုင်း မိနစ် ၃၀ မှာ အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ကလော့ပ်ဟာ ကစားသမား ၂၇ ဦးအထိ လဲလှယ် အသုံးပြုခဲ့ပြီး ဆာလတ်ကလည်း အကောင်းဆုံး ကစားသွားခဲ့ပါတယ်။ ကလော့ပ်က "သူတို့ ဘယ်လိုတုံ့ပြန်လာမလဲ ဆိုတာ ကျွန်တော် စောင့်ကြည့်သွားပါဦးမယ်။ ကျွန်တော်တို့ လာမယ့် ပွဲအတွက် ပြင်ဆင်ဖို့  လိုအပ်ပါတယ်။ မန်စီးတီးနဲ့ ပွဲစဉ်က ဘယ်ပွဲစဉ်နဲ့မှ မတူပါဘူး။ ကြံ့ခိုင်မှုက ကစားသမားတွေအတွက် အရမ်း အရေးကြီးပါတယ်။ စိတ်ပညာ သဘောအရဆိုရင် ရှုံးပွဲတွေ ဆက်တိုက် ကြုံတွေ့နေရာကနေ နိုင်ပွဲ ပြန်ရလာတာက ကျွန်တော်တို့အတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် စီးတီးနဲ့ ပွဲစဉ်မှာ အနိုင်ရဖို့အတွက် ဒီထက် ပိုကောင်းအောင် ကစားနိုင်ရပါမယ် " လို့ ပြောခဲ့ပါတယ်

နိုင်ငံ ပွဲစဉ်တွေကနေ ပြန်လာကာစ ကစားသမားတွေကို အလျင်စလို အသုံးပြုဖို့ တောင်းဆိုသွားမှာ မဟုတ်ဘဲ ၀င်ဘာလာကွင်းက ပွဲစဉ်အတွက် ပြင်ဆင်ချိန် အနည်းငယ်နဲ့ အဆင်ပြေနိုင်မယ်လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ စောင့်ကြည့် သွားပါဦးမယ်။ ၁၀၀% မဟုတ်ပေမယ့် သူတို့ ကစားဖို့အတွက် အခွင့်အရေး ရမှာပါ"လို့ ပြောကြား သွားခဲ့ပါတယ်။

လိုင်ယွန်အသင်းနဲ့ ပွဲစဉ်မှာတော့ အန်ဒါဆန်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု၊ ဖာမီနို၊ ဟယ်ရီ ၀ီလ်ဆင်တို့ရဲ့ ဂိုးတွေနဲ့အတူ လီဗာပူးအသင်းက အနိုင်ရခဲ့ပါတယ်။ 

#လီဗာပူး #မနျစီးတီး #ဖာမီနို