ရှေ့သို့
Image

စပါးနဲ့ ပွဲမှာ ဂါရတ်ဘေးလ် မပါဝင်ရတဲ့ အဓိက အကြောင်းအရင်းကို ဇီဒန်း ထုတ်ဖော်

4:05 PM, 31 July

ရီးရဲလ်မက်ဒရစ် အသင်းနည်းပြ ဇီဒန်းကတော့ စပါးနဲ့ ပွဲစဉ်မှာ တောင်ပံ ကစားသမား မပါဝင်ရတဲ့ အဓိက အကြောင်းအရင်းကို ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

တောင်ပံ ကစားသမား ဂါရတ်ဘေးလ်ကတော့ အခု နွေရာသီ အပြောင်းအရွှေ့ ကာလမှာပဲ ရီးရဲလ် အသင်း ကနေ ထွက်ခွာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

နည်းပြ ဇီဒန်းကမူ ဝေးလ် တောင်ပံ ကစားသမားဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ လူပို ကစားသမား တစ်ယောက် အဖြစ် ရှိနေတယ်လို့ ပြောကြားခဲ့သလို ပြီးခဲ့တဲ့ အပတ်တုန်းကလည်း  မကြာခင်မှာ တောင်ပံ ကစားသမား ဘေးလ်ကို ရောင်းချသွားမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း တစ်ပတ်လုပ်ခ ပေါင် ၆ သိန်း ၅ သောင်းဆိုတဲ့ လုပ်ခလစာကြောင့်  ခေါ်ယူမယ့် ကလပ် အသင်းတွေက လက်တွန့်နေကြသလို ရီးရဲလ်အသင်းကလည်း ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကြောင့် ပြောင်းရွှေ့ကြေး အလိုရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း တောင်ပံ ကစားသမား ဘေးလ်ဟာ တရုတ်ကလပ် ဂျန်ဆု ဆန်းနင်း အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သလို နည်းပြ ဇီဒန်းကလည်း နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူဖို့ အတွက် ထွက်ခွာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူတွေကတော့ အဆိုပါ အပြောင်းအရွှေ့ကို ပယ်ချခဲ့ပြီး အလွတ် ပြောင်းရွှေ့ကြေးထက် သတ်မှတ်တန်ကြေးတစ်ရပ် ရှိတယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂါနေ့က စပါးအသင်းနဲ့ ပွဲစဉ်မှာ တောင်ပံကစားသမား ဂါရတ်ဘေးလ်တစ်ယောက် မပါဝင်ခဲ့တာကြောင့် မက်ဒရစ် ပရိသတ်တွေအနေနဲ့ မကြာခင်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ယူဆခဲ့ကြပါတယ်။

ဒါပေမယ့်လည်း နည်းပြ ဇီဒန်းကတော့ တောင်ပံကစားသမား ဘေးလ်ဟာ နေမကောင်း တာကြောင့် ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

“ဘေးလ် ကျွန်တော်တို့နဲ့ မပါတာ သူ နေမကောင်း ဖြစ်နေလို့ပါ။ ဆရာဝန် တွေကလည်း သူအတော်လေး နေမကောင်း ဖြစ်နေတယ် လို့ ပြောပါတယ်။ ဒါကြောင့် မက်ဒရစ်မြေမှာ ကျန်နေခဲ့ရတာပါ။ သူ တစ်ဦးတည်း မက်ဒရစ်မှာ လေ့ကျင့်နေပါတယ် ”လို့ ဇီဒန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျွန်တော်တို့ ကလပ်အသင်း တာဝန်ရှိသူတွေ ၊ ဆရာဝန်တွေနဲ့ ဘေးလ် ကိုယ်တိုင်ကိုလည်း မေးမြန်းပြီး ဆုံးဖြတ်ချက် ချခဲ့တာပါ ”လို့ ဇီဒန်းက ပြောပါတယ်။

တရုတ်ကို ပြောင်းရွှေ့ဖို့  ပျက်ပြယ်ခဲ့ပေမယ့်လည်း နည်းပြ ဇီဒန်းရဲ့ ဘေးလ် အပေါ် အမြင်ကတော့ ပြောင်းလဲ ဖွယ် မရှိပဲ ဆက်ဆံရေး ကတော့ ဆက်လက် အေးစက်ဖွယ် ရှိနေပါတယ်။

#စပါး #ရာသီကြိုခြေစမ်းပွဲ