ရှေ့သို့
Image

ဖိနပ်ထဲ ကြက်ထည့်ပြီး ၄ လလောက် ဘောလုံး ကစားခဲ့တဲ့ အီဗရာ

3:40 PM, 31 July

ယူနိုက်တက်အသင်းရဲ့ ဘယ်ခြမ်းခံစစ်မှာ ခြေစွမ်းပြခဲ့တဲ့ ပက်ထရစ် အီဗရာက သူ မိုနာကိုမှာ ကစားစဉ်တုန်းက ခြေထောက် ဒဏ်ရာကြောင့် ဖိနပ်ထဲ ကြက်ထည့်ပြီး ကစားခဲ့ရပါတယ်တဲ့။

အီဗရာက ပြင်သစ်နိုင်ငံ အသင်းမှာ ကစားရင်း ဒဏ်ရာ ရခဲ့ပေမယ့် မိုနာကိုအသင်းနည်းပြ ဒက်ချမ့်စ်ကလည်း အသင်းမှာသူ့ကို ပါဝင် ကစားစေချင်တာကြောင့် ဖိနပ်ထဲကို ကြက်သားထည့် ကန်ခဲ့ရပါတယ်။ 

ဖိနပ်ထဲ ကြက်သား ထည့်ကန်ခဲ့တဲ့ အီဗရာဟာ အထူး ခြေစွမ်းပြခဲ့ပြီး မန်ချက်စတာယူနိုက်တက် အသင်းကပါ သူ့ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ အရောက် ခေါ်ခဲ့ပါတယ်။

အီဗရာဟာ မန်ယူအသင်းမှာ အမှတ်ပေးဖလား ၅ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ် ရခဲ့ပါတယ်။ အီဗရာက "လူတွေ ၂၀၀၄ တုန်းက ချန်ပီယံလိဂ်ဖိုင်နယ် အကြောင်းပဲ ပြောနေကြတယ်ဗျ။ ဒီအကြောင်းက သိပ်ပြီး မထူးဆန်းပါဘူး''

''ကျွန်တော့်ဘ၀မှာ အထူးဆန်းဆုံး အဖြစ်က ပြင်သစ် ယူ ၂၁ အသင်းမှာ ကစားပြီး မိုနာကို အသင်းဆီ ပြန်လာတုန်းက ဖြစ်ခဲ့တာပါ။ ပြိုင်ဘက် ကစားသမားက တက်နင်းခဲ့လို့ ကျွန်တော့် ခြေထောက်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာ ရခဲ့တယ်။ ဆေးရုံမှာ မိုနာကို နည်းပြကြီး ဒက်ချမ့်စ်ကို ခြေထောက် အရမ်းနာနေလို့ လမ်းတောင်လျှောက်လို့ မရတဲ့အကြောင်း ပြောပြခဲ့ပါတယ်''

'' ဒါပေမယ့် အသင်းက ကျွန်တော့်ကို လိုအပ်နေတာကြောင့် ဆရာဝန်က တတ်နိုင်သမျှ လုပ်ပေးပေမယ့် မသက်သာခဲ့ဘူး ။ အဲ့ဒီမှာ အသင်းဝန်ထမ်း တစ်ဦးက နည်းဟောင်းအတိုင်းပဲ လုပ်ကြည့်ပါလား လို့ အကြံပေးခဲ့တယ်။ အားလုံးက " ဘာနည်းဟောင်းလဲ " ၀ိုင်းမေးကြတယ်။ သူက " ကြက်သား နည်းနည်းလောက် ဖိနပ်ထဲ ထည့်ထားလိုက်လေ " လို့ ပြောတယ်။ ထူးတော့ ထူးဆန်းပေမယ့် မတတ်သာတဲ့အဆုံး ဒီနည်းကိုပဲ အသုံးပြုလိုက်တော့တယ်''

''ကြက်သားသည်ဆီ သွားပြီး ကြက်သားနည်းနည်းလောက် သွားဝယ်တယ်။ ကြက်သားသည်ကတောင် နည်းနည်းဆိုတာ ဘယ်လောက်လဲလို့ မေးတော့ ကျွန်တော့်ဖိနပ်ထဲ ထည့်မလို့လို့ ပြောလိုက်တော့ သူက ရယ်တယ်ဗျ။ ကျွန်တော်လည်း ကြက်သားတွေနဲ့ အိမ်ပြန်လာပြီး ဖိနပ်အသစ်တွေ မှာလိုက်တယ်''

''တစ်ဖက်က ဆိုဒ် ၄၂.၅ နောက်တစ်ဖက်က ဆိုဒ် ၄၄ ။ ဒီနည်းနဲ့ ဘောလုံးကန်ကြည့်တော့ အဆင်ပြေတယ်ဗျ။ နာလည်း မနာဘူး။ ကြက်သားကို ဖိနပ်ထဲထည့်ပြီး ၄ လလောက် ကစားခဲ့ရတယ်။ အမေကတော့ စားစရာကို ဖြုန်းတီးပစ်လို့ ကျွန်တော့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ပွဲကစားခါနီးတိုင်း ကြက်သားသည်ဆီ အမြဲ သွားဖြစ်တယ်။ သူကတောင် "ဘယ်လိုလဲ ပက်ထရစ် ထုံးစံအတိုင်းပဲလား"လို့ မေးရတဲ့ အထိပဲ။

''ဖိနပ်ထဲ ကြက်သား ထည့်ကန်ရတာ တော်တော်လေး အဆင်ပြေတယ်။ ၂၀၀၆ ဇန်န၀ါရီမှာ ကျွန်တော် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လက်မှတ်ထိုး ခဲ့ရတယ်လေ" လို့ ပြောပြခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မိုနာကို #အီဗရာ