ရှေ့သို့
Image

နည်းပြကြီး ဖာဂူဆန်သာ အနားမယူရင် ရော်နယ်ဒို လက်သစ်အဖြစ် ဇာဟာကို တွေ့မြင် ရနိုင်တယ်လို့ အီယန် ဟော်လိုဝေးဆို

11:22 AM, 31 July

ပဲလေ့စ်အသင်း နည်းပြဟောင်း အီယန် ဟော်လိုဝေးက မန်ယူအသင်း နည်းပြကြီး ဖာဂူဆန်သာ အနား မယူခဲ့ဘူး ဆိုရင်  တောင်ပံကစားသမား ဇာဟာတစ်ယောက် ရော်နယ်ဒိုလက်သစ် ဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အဆိုပါ ပဲလေ့စ်တောင်ပံ ကစားသမားကိုတော့ အာဆင်နယ်နဲ့ အဲဗာတန် အသင်းတို့က ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် အသင်းကတော့ တောင်ပံ ကစားသမား ဇာဟာအတွက် ပေါင် ၈၀ သန်းအထိ တောင်းဆို ထားပြီး ယူနိုက်တက်အသင်း ဆုံးရှုံးခဲ့သလိုမျိုး ထပ်မံ မဆုံးရှုံးဖို့ စီစဉ်နေပါတယ်။ ပဲလေ့စ်အသင်း နည်းပြ ဟောင်း အီယန် ဟော်လိုဝေးကတော့ နည်းပြကြီး ဖာဂူဆန်ဟာ တောင်ပံ ကစားသမား ဇာဟာကို ထိပ်တန်း အဆင့်ကစားသမားမျိုး ဖြစ်အောင် ပြောင်းလဲနိုင်တယ်လို့ ယုံကြည်နေပါတယ်။

“ဇာဟာက ကျွန်တော်မြင်ဖူးသမျှ ဘောလုံးသမားတွေထဲမှာ အရည်အသွေး ပြည့်ဝတဲ့ ကစားသမားပါ။ သူဟာ မဖြစ်နိုင်တာတွေကိုတောင် လုပ်နိုင်တဲ့ ကစားသမားမျိုးပါ။ ကျွန်တော် ပုံကြီးချဲ့ကားပြီး ပြောတာ မဟုတ် ပါဘူး”လို့ ဟော်လိုဝေးက ပြောပါတယ်။ “ခရစ္စတီယာနို ရော်နယ်ဒို တစ်ယောက် မန်ယူကို စရောက် ရောက်ချင်းကို ကြည့်ပါ။ နည်းပြကြီး ဖာဂူဆန်ရဲ့လမ်းပြမှုနဲ့ ကစားသမားကောင်းတစ်ဦး ဖြစ်လာပါတယ်။ နည်းပြကြီးသာ အနားမယူဘူး ဆိုရင် ဇာဟာကိုလည်း အဲ့လိုမျိုး ကစားသမားမျိုး ဖြစ်လာမယ်လို့ ကျွန်တော် ခံစားမိပါတယ်”လို့ ဟော်လိုဝေးက ဆိုပါတယ်။

“ပြဿနာက ဇာဟာတစ်ယောက် ကျွန်တော်တို့နဲ့ စာချုပ်သက်တမ်း ကုန်တာပါ။ အဲ့အချိန်မှာပဲ ကစားသမားကို ကလပ်အသင်း တော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ ကျွန်တော်တို့ကတော့ ဆက်ထိန်းချင် ခဲ့တာပါ။ ဒါပေမယ့် အဲ့အချိန်မှာ သူ့စိတ်က ပြောင်းလဲသွားခဲ့ပါပြီ”လို့ သူက ပြောပါတယ်။

မန်ယူအသင်းကို ပြောင်းရွှေ့အပြီးမှာတော့ ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ဖို့ အတွက် တောင်ပံကစားသမား ဇာဟာကို တစ်ရာသီ အငှားနဲ့ ပြန်လည် ခေါ်ယူခဲ့ပါတယ်။ “ကံကောင်းတာ တစ်ခုက ကျွန်တော်တို့ ဇာဟာကို မန်ယူအသင်းဆီ ရောင်းချပြီးနောက် အငှားနဲ့ ပြန်လည် ခေါ်ယူနိုင်ခဲ့တာပါ။ သူ့ကို အငှားနဲ့ ပြန်ရလိုက်တာ ကျွန်တော်တို့အတွက် အတော်လေးကို အကျိုးရှိစေခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကိုတန်း တက်ဖို့အတွက် သူ့ရဲ့သွင်းဂိုး ၂ ဂိုးနဲ့ ဆီမီးဖိုင်နယ်မှာ ကျွန်တော်တို့ကို ကူညီခဲ့ပါတယ်။ ကျွန်တော့်အမြင်ကို ပြောရရင်တော့ ဇာဟာကို နည်းပြကြီး ဖာဂူဆန် လက်အောက်မှာပဲ ဆက်ထားခဲ့သင့်ပါတယ်။ အငှား ခေါ်လိုက်တဲ့ အချိန်လည်း ပြည့်ရော ဖာဂူဆန် အနား ယူသွားခဲ့ပါတယ်။ နည်းပြကြီး လက်အောက်မှာသာ ဆက်ထားလိုက်ရင် သူဟာ ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်လာမှာ သေချာပါတယ်”လို့ ဟော်လိုဝေးက ပြောကြားခဲ့ပါတယ်။

“သူဟာ ဘောလုံးလက်ခံ ရယူဖို့ အမြဲ အလိုရှိနေပါတယ်။ ဒါပေမယ့် သူအခြားတစ်ယောက်ကို ဘယ်လိုမျိုး ပြန်လည် ပေးပို့ရမလဲ ဆိုတာ သင်ယူဖို့ လိုအပ်နေပါတယ်။ ဘောလုံးမပါပဲ ဘယ်လို လှုပ်ရှား ပြုမူရမလဲ ဆိုတာကို သူ နားမလည်သေးပါဘူး”လို့ ဟော်လိုဝေးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဇာဟာ