ရှေ့သို့
Image

ရှက်ဖီး ယူနိုက်တက်ဆီ ပြန်သွားခွင့် မရမှာကို အချိန်တိုင်း စိတ်ပူခဲ့တဲ့ ဟန်ဒါဆန်

2:43 PM, 29 July

ရှက်ဖီး ယူနိုက်တက် အသင်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်အောင် ကူညီပေးခဲ့တဲ့ ယူနိုက်တက်ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ ရှက်ဖီး ယူနိုက်တက် အသင်းဆီ အငှားနဲ့ ပြန်သွားခွင့် မရမှာကို စိုးရိမ်ခဲ့ရကြောင်း ၀န်ခံခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ ဒီနှစ် နွေရာသီ အစောပိုင်းက မိခင်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေ ကြန့်ကြာခဲ့တာကြောင့် ရှက်ဖီးယူနိုက်တက်ကို အငှားပြန်ထွက်ဖို့ နှောင့်နှေးခဲ့ရပါတယ်။

ရှက်ဖီးနည်းပြ ခရစ္စ၀ိုက်ဒါကလည်း ဒင်းဟန်ဒါဆန်ကို ပြန်လည် ခေါ်ယူလိုကြောင်း ၀န်ခံခဲ့ပါတယ်။ ဒင်းဟန်ဒါဆန်က သတင်းစာ ရှင်းလင်းပွဲမှာ သူ့ရဲ့သက်တမ်းတိုး စာချုပ်ကြန့်ကြာ နေရတာနဲ့ ပက်သက်ပြီး"နေ့တိုင်း စိတ်ပူ နေခဲ့ရတယ်။ ကျွန်တော် ဘာဖြစ်ချင်လဲ သိပြီးသားပါ။ ကန့်ကွက်မယ့်သူလည်း မရှိပါဘူး'' 

''ဒါပေမယ့် နှောင့်နှေးမှုတွေ ရှိလာတဲ့အတွက် အနည်းနဲ့ အများတော့ စိုးရိမ်ခဲ့ရပါတယ်။ အချိန်ပို ကြာလေလေ ပိုစိုးရိမ်လာလေလေ ဖြစ်လာခဲ့ရတယ်။ ဒါပေမယ့် အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။ ကျွန်တော်လည်း အခုမှပဲ စိတ်သက်သာရာ ရတော့တယ်။ ပြန်လာနိုင်တဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော် သိပြီးသား သူတွေနဲ့ ပြန်တွေ့ခွင့် ရပါပြီ "လို့ ရင်ဖွင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ကလပ် ရှက်ဖီး ယူနိုက်တက်အသင်းမှာ ၄၆ ပွဲ ပွဲထွက် ကစားပြီး ၂၁ ပွဲ ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ရွှေလက်အိတ်ဆု ရရှိခဲ့သလို အသင်းကိုလည်း ၁၂ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ကို ပြန်လည် တန်းတက်ခွင့်ရအောင် ကူညီ ပေးနိုင်ခဲ့ပါတယ်။

ဒင်းရဲ့စွမ်းဆောင်ရည်တွေကို ယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားကလည်း သတိပြုမိခဲ့ပြီး လာမယ့် ရာသီကုန်မှာ ကုန်ဆုံးတော့မယ့် သူ့ရဲ့စာချုပ်ကို သက်တမ်း တိုးခဲ့ပါတယ်။ ယူနိုက်တက်နဲ့ သုံးနှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ၂၀၁၉ - ၂၀၂၀ ရာသီကုန်အထိ ရှက်ဖီးယူနိုက်တက် အသင်းကို အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ သွားခဲ့ပါတယ်။

အသင်းနဲ့ အငှားစာချုပ် ပြန်လည်ချုပ်ဆိုပြီး ၂၄ နာရီ အကြာမှာပဲ ဘန်စလေအသင်းနဲ့ ခြေစမ်းပွဲမှာ ပွဲထွက် ပါဝင်လာခဲ့ပါတယ်။ အင်္ဂလန် ယူ ၂၁ လက်ရွေးစင်က "ရှက်ဖီးယူနိုက်တက်အတွက် ပြန်လည် ပွဲထွက်ခွင့် ရတာ ဂုဏ်ယူပါတယ်။ ကျွန်တော့်ဘက်က ကြည့်ရင်တော့ ဒီကို ပြန်ပြောင်းလာတာက အားလုံးအတွက် အဆင်ပြေပါတယ်၊ ပရီးမီးယားလိဂ်မှာ ပွဲထွက်ဖို့ မစောင့်နိုင်တော့ပါဘူး" လို့ ဖွင့်ဟခဲ့ပါတယ်။

ရှက်ဖီး ယူနိုက်တက်ဟာ အချိန်အတော်ကြာမှ ပရီးမီးယားလိဂ်ကို ပြန်လည် တန်းတက်ခွင့်ရတဲ့ ပထမဆုံးရာသီ အဖွင့်ပွဲအဖြစ် ဘုန်းမောက်အသင်းနဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ 

#မနျခကျြစတာယူနိုကျတကျ #ရှက်ဖီးလ်ယူနိုက်တက် #ဟန်ဒါဆန်