ရှေ့သို့
Image

ဒီဂျောင်ကို သူ့ကျောနံပါတ်ပေးလိုက်ရတဲ့ အလီနာ မပျော်မရွှင်ဖြစ်နေ

10:52 AM, 26 July

ဘာစီလိုနာအသင်းကွင်းလယ်လူ ကာလက်စ်အလီနာက ဘာစီလိုနာအနေနဲ့ ကွင်းလယ်လူသစ် ဒီဂျောင်ကို သူ့စိတ်ကြိုက်ကျောနံပါတ် ၂၁ ပေးမယ်လို့ ကတိပေးကာ ကျောနံပါတ်ပြောင်းလိုက်တဲ့အကြောင်းနဲ့ပတ်သက်လို့ မိမိထံ ဦးစွာအသိမပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အလီနာဟာ ၂၀၁၈ နွေရာသီမှာ အဲဗာတန်ကို အငှားနဲ့ရောက်သွားတဲ့ ကွင်းလယ်လူ အန်ဒရီဂိုမက်စ်ရဲ့ကျောနံပါတ် ၂၁ အင်္ကျီကို ဆက်ခံဝတ်ဆင်ခဲ့ပြီး ပေါ်တူဂီလက်ရွေးစင် ဂိုမက်စ်ကတော့ ဒီနှစ်နွေရာသီမှာ အပြီးသတ်စာချုပ်နဲ့ အဲဗာတန်ကို ရောက်ရှိသွားပါတယ်။

ယခုနှစ်မှာတော့ အဆိုပါကျောနံပါတ်ကို အေဂျက်စ်ကနေ ရောက်လာတဲ့ကွင်းလယ်လူ ဒီဂျောင်က ၀တ်ဆင်မှာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဘာစီလိုနာအသင်းရဲ့အပြုအမူကို လာမာစီယာအကယ်ဒမီထွက် အလီနာက မပျော်မရွှင်ဖြစ်နေတာပါ။

''ဒီဂျောင်ကို ကျောနံပါတ် ၂၁ ပေးမယ်လို့ ဘာစီလိုနာက ကတိပေးခဲ့ပေမယ့် ကျွန်တော့်ဆီ ဘာမှအကြောင်းကြားတာမျိုးမရှိခဲ့ပါဘူး။ ဒီလိုလုပ်တာကတော့ မကောင်းဘူးပေါ့ဗျာ။ စိတ်ထဲမှာလည်း ခံစားရတယ်။ ကျွန်တော်ကတော့ အသင်းနဲ့ပတ်သက်လို့ အမြဲတမ်းကောင်းကောင်းဆက်ဆံပါတယ်''လို့ အလီနာက ပြောပါတယ်။

အလီနာဟာ ကျောနံပါတ် ၁၉ အင်္ကျီ ပြောင်းလဲဝတ်ဆင်ရမှာဖြစ်ပြီး အဲဒီကျောနံပါတ်ကို ပြီးခဲ့တဲ့ဒုတိယရာသီဝက်က အငှားနဲ့လာရောက်ကစားခဲ့တဲ့ တိုက်စစ်မှူး ကီဗင်ပရင့်စ်ဘိုတန် ၀တ်ဆင်ကစားခဲ့တာပါ။

ကျောနံပါတ် ၁၉ကလည်း ဘာစီလိုနာအသင်းရဲ့ကြီးမားတဲ့သမိုင်းရှိပြီး လက်ရှိဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီက ၂၀၀၆ ကနေ ၂၀၀၈ အထိ အဆိုပါကျောနံပါတ်ကို ၀တ်ဆင်ကစားခဲ့တာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဒီဂျောင် #အလီနာ