ရှေ့သို့
Image

သူ့ကစားသမားတွေရဲ့အပြုအမူအတွက် ပိုချက်တီနို ပြန်လည်တောင်းပန်

10:35 AM, 26 July

စပါးအသင်း နည်းပြ ပိုချက်တီနိုဟာ ယူနိုက်တက်ကို အရေးနိမ့်ခဲ့တဲ့ အင်တာနေရှင်နယ် ချန်ပီယံဖလား ခြေစမ်းပွဲမှာ သူ့ကစားသမားတွေ ကစားပုံကြမ်းတမ်းခဲ့မှုနဲ့ ပတ်သက်လို့ ပြန်လည် တောင်းပန်သွားပါတယ်။ အဲဒီပွဲဟာ ခြေစမ်းပွဲ ဆိုတာထက် ပြိုင်ဆိုင်မှု ပိုပြင်းထန်ခဲ့ပြီး ပထမပိုင်းမှာပဲ နှစ်သင်းကြား ကြမ်းတမ်းတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အ၀ါကတ်တွေလည်း အများအပြား ပြသခံခဲ့ရပါတယ်။

အထူးသဖြင့် ထောင့်ကန်ဘော အလံတိုင်နားမှာ မြက်ခင်းပေါ် လဲကျနေတဲ့ ယူနိုက်တက် တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို စပါးကွင်းလယ်လူ ဆစ်ဆိုကို ခြေထောက်နဲ့ တက်နင်းခဲ့တဲ့ ဖြစ်ရပ်က အားလုံးကို သွေးစူစေခဲ့ပြီး ယူနိုက်တက် ကွင်းလယ်လူ မက်တိုမီနေးက ဒေါသတကြီး တုံ့ပြန်ခဲ့လို့ စပါး အသင်းခေါင်းဆောင် ဟယ်ရီကိန်းနဲ့ ငြိခဲ့သလို တခြား ကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။ စပါးကွင်းလယ်လူ အယ်လီက ယူနိုက်တက်ရဲ့နောက်ထပ် ကစားသမားသစ် ၀မ်ဘစ်ဆာကာကို မြက်ခင်းပေါ် လဲကျသွားစေအောင် ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ပြီးနောက် မက်တိုမီနေးကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့လို့ အ၀ါကတ် ပြသခံခဲ့ရသလို ပါရဲရားကလည်း ဟယ်ရီကိန်းကို ကစားပုံကြမ်းခဲ့လို့ အ၀ါကတ် ပြသခံခဲ့ရပါတယ်။ဆစ်ဆိုကိုကတော့ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အ၀ါကတ်တောင် ပြသမခံခဲ့ရဘဲ ပိုချက်တီနိုက ''ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ကျွန်တော် မပျော်ပါဘူး။ ဒါက ခြေစမ်းပွဲပါ။ ကျွန်တော့်ကစားသမားတွေရဲ့အပြုအမူနဲ့ပတ်သက်လို့ ယူနိုက်တက်ကို တောင်းပန်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။

အဲဒီပွဲမှာ နှစ်သင်းပေါင်း လူစားလဲမှုက ၁၇ ကြိမ်ရှိခဲ့ပြီး ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ ကြမ်းတမ်းစွာ ကစားမှုအပေါ် ဘယ်လိုမှ သဘောမထားဘဲ ''ဘောလုံး အားကစားနည်းက အများနဲ့ ယှဉ်ပြိုင်ရတဲ့ အားကစားနည်းဖြစ်ပြီး ဒီပွဲက ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် အရမ်းကို ကောင်းမွန်တဲ့ ပြင်ဆင်မှု ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ဒိုင်လူကြီးတွေ ရှိနေတာပါ''လို့ ပြောကြားခဲ့ပါတယ်။ 

#စပါး #မနျခကျြစတာယူနိုကျတကျ #ပိုချက်တီနို #ရာသီကြိုခြေစမ်းပွဲ