ရှေ့သို့
Image

မြက်ခင်းပေါ် လဲကျနေတဲ့ ဂျိမ်းစ်ကို နင်းခဲ့တဲ့ ဆစ်ဆိုကိုကြောင့် ယူနိုက်တက် ပရိသတ်တွေ ပေါက်ကွဲ

10:19 AM, 26 July

ယူနိုက်တက် ပရိသတ်တွေဟာ ရာသီကြို ခြေစမ်းပွဲအဖြစ် စပါးနဲ့ ကစားခဲ့တဲ့ပွဲမှာ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို စပါးကွင်းလယ်လူ ဆစ်ဆိုကို ခြေထောက်နဲ့ တက်နင်းခဲ့တာကြောင့် ပေါက်ကွဲနေကြတယ်လို့ သိရပါတယ်။ ထောင့်ကန်ဘောနားမှာ ဆစ်ဆိုကိုရဲ့ကြမ်းတမ်းတဲ့ ကစားဟန်ကြောင့် မြက်ခင်းပေါ် လဲကျသွားတဲ့ ဒန်နီရယ်ဂျိမ်းစ်ရဲ့ဝမ်းဗိုက်အပေါ် ဆစ်ဆိုကိုက ဘယ်ခြေနဲ့ နင်းခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်ကြောင့် မဟုတ်ဘဲ ပထမဆုံး ဖြစ်ရပ်ကြောင့် ဒိုင်လူကြီးက ယူနိုက်တက်ကို ပြစ်ဒဏ်ဘော ကန်ခွင့်ပေးခဲ့ပါတယ်။

ဒီပွဲက ခြေစမ်းပွဲဆိုပေမယ့် ကြမ်းတမ်းတဲ့ ကစားဟန်တွေကို မြင်တွေ့ခဲ့ရပြီး မက်တိုမီနေးကို ကစားပုံ ကြမ်းတမ်းခဲ့တဲ့ စပါးကွင်းလယ်လူ အယ်လီ အ၀ါကတ် ပြသခံခဲ့ရသလို ဟယ်ရီကိန်းကို ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့တဲ့ ပါရဲရားနဲ့ ဂရင်းဝုဒ်ကို ခပ်ကြမ်းကြမ်း ကစားခဲ့တဲ့ တန်ဂါနာတို့လည်း အ၀ါကတ် အသီးသီး ပြသခံခဲ့ရပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ကို ဘောလုံးမရှိဘဲ ကြမ်းတမ်းစွာ ကစားခဲ့တဲ့ ဆစ်ဆိုကိုရဲ့ဖြစ်ရပ်က ခြေစမ်းပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ မကိုက်ညီဘူးလို့ ပရိသတ်တွေက ဝေဖန်နေကြပြီး ဒီဖြစ်ရပ်ကြောင့် နှစ်ဘက် အသင်းသားတွေ အချင်းများမလို ဖြစ်ခဲ့ပါတယ်။

အင်တာနေရှင်နယ် ချန်ပီယံဖလားက အက်ဖ်အေရဲ့လက်အောက်က ပြိုင်ပွဲမဟုတ်လို့ ဆစ်ဆိုကိုအနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် ဗီလာနဲ့ပွဲမှာ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရဖို့ စိုးရိမ်စရာတော့ မရှိပါဘူး။ ဆစ်ဆိုကိုရဲ့အပြုအမူနဲ့ ပတ်သက်လို့ တွစ်တာမှာ ပရိသတ်တွေက ချက်ချင်းဆိုသလို မှတ်ချက်တွေ အသီးသီး ပေးခဲ့ကြပါတယ်။

''ဆစ်ဆိုကိုရဲ့အော်ဂလီ ဆန်စရာကောင်းတဲ့ အပြုအမူပါပဲ''လို့ ယူနိုက်တက် ပရိသတ်တစ်ဦးက ရေးသားခဲ့သလို နောက်တစ်ဦးကလည်း ''ဆစ်ဆိုကိုက ဂျိမ်းစ်ကို တမင်သက်သက် ဆောင့်နင်းခဲ့တာပါ။ ဂျိမ်းစ်ကတော့ သနားစရာပါပဲ''လို့ ရေးသားခဲ့ပါတယ်။

#စပါး #မနျခကျြစတာယူနိုကျတကျ #ဆစ်ဆိုကို #ဒန်နီရယ် ဂျိမ်းစ် #ရာသီကြိုခြေစမ်းပွဲ