ရှေ့သို့
Image

အသင်းကြီးတွေ သူ့ကို ဘာကြောင့် အသည်းအသန် လိုက်နေလဲဆိုတာ လီဗာပူးနဲ့ ပွဲမှာ ထပ်မံ သက်သေပြသွားတဲ့ ဖာနန်ဒက်စ်

10:25 AM, 25 July

တကယ်လို့များ စပို့တင်းလစ္စဘွန်းအသင်း အင်္ကျီဝတ်ဆင်ပြီး ကစားတာ သူ့အတွက် နောက်ဆုံးပွဲ ဖြစ်ခဲ့ရင်လည်း ဘရူနို ဖာနန်ဒက်စ်တစ်ယောက် လားရာအသစ် အဖြစ်နိုင်ဆုံးအသင်းရဲ့ အခါးသီးဆုံး ပြိုင်ဘက်နဲ့ပွဲမှာ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ခဲ့ပါတယ်။ ပေါင်သန်း ၇၀ တန်ကြေးရှိတဲ့ စပို့တင်းလစ္စဘွန်း အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ဒီတစ်နွေလုံး ယူနိုက်တက်ရဲ့ပစ်မှတ်အဖြစ် သတင်းတွေ တောက်လျှောက် ထွက်ပေါ်ခဲ့သူဖြစ်ပြီး ရာသီကြို ခြေစမ်းပွဲအဖြစ် လီဗာပူးနဲ့ ၂-၂ ဂိုး သရေကျခဲ့တဲ့ ပွဲမှာ သူ့ရဲ့ခြေစွမ်းကို ယူနိုက်တက် တာဝန်ရှိသူတွေ သဘောကျမှာလည်း သေချာနေပါတယ်။

နာမည်ကြီး အမေရိကန် ဘေ့စ်ဘောကလပ် နယူးယောက် ယန်းကီးအသင်းရဲ့အိမ်ကွင်း ယန်းကီးကွင်းမှာ ကစားခဲ့တဲ့ အဲ့ဒီပွဲမှာ သူက လီဗာပူးကို စောစောစီးစီးပဲ ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အရေးပါသူ ဖြစ်လာဖို့ သူ့အတွက် အချိန် ၄ မိနစ်ကျော် ၅ မိနစ်နီးပါးပဲ ယူခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၃၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ ပြင်းထန်အားပါတဲ့ ကန်ချက်က သူ့ရဲ့ Trademark ဖြစ်လာပါတယ်။ ပြီးတော့ အတ္တလန္ထိတ် သမုဒ္ဒရာကို ဖြတ်သန်းပြီး နည်းပြကလော့ပ် ဦးဆောင်တဲ့ လီဗာပူးနဲ့ ပွဲမှာလည်း အဲ့ဒီ သတ်မှတ်ချက်ကို သက်သေနဲ့တကွ ထပ်မံ သက်သေပြခဲ့ပါတယ်။

ဂိုးပေါက်နဲ့ ၃၅ ကိုက်အကွာ ဘယ်ဘက်ခြမ်းမှာ ဘောလုံးရသွားတဲ့ ဖာနန်ဒက်စ်ဟာ ပြင်းထန်အားပါတဲ့ ကန်ချက်နဲ့ ကန်သွင်းခဲ့တာဖြစ်ပြီး ဂိုးသမား မစ်ဂ်နိုလက်ရဲ့လက်နဲ့ထိကာ ဂိုးထဲဝင်သွားခဲ့ပါတယ်။ မစ်ဂ်နိုလက်အတွက် အမြန်ဆုံး မေ့ချင်တဲ့ ဖြစ်ရပ် ဖြစ်သွားပေမယ့် ဖာနန်ဒက်စ်ရဲ့ကန်သွင်းချက် အားပါလွန်းခဲ့တာလည်း အသိအမှတ် ပြုရမှာဖြစ်ပါတယ်။ စပို့တင်း လစဘွန်းရဲ့ ၄-၂-၃-၁ ပုံစံ ကစားကွက်မှာ ဘယ်တောင်ပံ တိုက်စစ်နေရာ ကစားသွားတဲ့ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ လီဗာပူးရဲ့အာနိုးလ်နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။ ပြီးတော့ ကွင်းလယ်ပိုင်းမှာလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားခွင့်ရခဲ့တဲ့ ပြိုင်ဘက် ကွင်းလယ်လူ ၂ ဦးနဲ့ အားပြိုင်ခဲ့ရတာပါ။

ကွင်းက ဘေ့စ်ဘောကွင်းဖြစ်လို့ နှစ်သင်းစလုံး အတွက် သိပ်အသားမကျတာ မှန်ပေမယ့် ဖာနန်ဒက်စ်ကတော့ ပုံမှန် ခြေစွမ်းပြသနိုင်ခဲ့ပြီး လျင်မြန်မှု အပိုင်းမှာ ယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်လောက် မမြန်ပေမယ့် ကစားပုံကတော့ ကောင်းမွန်ခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ လီဗာပူး ကစားသမားတွေ နဲ့အပြိုင် လိုက်ကစားကာ နေရာလွတ်တွေ အများအပြား ဖန်တီးနိုင်ခဲ့ပါတယ်။ အဓိကအားဖြင့် သူ့ရဲ့ဘောလုံး ဖြန့်ဝေပေးနိုင်စွမ်းက အထင်ရှားဆုံး စွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး အမြဲတမ်း ဆုံးဖြတ်ချက် မှန်ကန်ခဲ့သလို တိုက်စစ်ကို အသားပေး ကစားခဲ့ပါတယ်။ သူဟာ ဘယ်တောင်ပံမှာ ဘောလုံး လက်ခံရရှိတာနဲ့ တိုက်စစ်ကိုပဲ အမြဲကြည့်သူ ဖြစ်ပြီး အဓိကအားဖြင့် ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ အကြိုက်တွေ့စေမယ့် ထောင့်ဖြတ်ဘောတွေ ပေးပို့နိုင်စွမ်း ရှိပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၉ မိနစ်အကြာမှာ ဘယ်တောင်ပံ တစ်လျှောက် ဆွဲပြေးလာတဲ့ ဖာနန်ဒက်စ်ဟာ လီဗာပူးနောက်ခံလူ အာနိုးလ်ကို ခြေယောင်ပြကာ ဂိုးရှေ့အသာ ထိုးပေးလိုက်ပြီး အသင့်ရှိနေတဲ့ ၀မ်ဒယ်က အသာကန်သွင်း ယူနိုင်ခဲ့လို့ စပို့တင်းလည်း ချေပဂိုး ရရှိခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ ကစားလိုတယ်လို့ ဖွင့်ဟထားပြီး ပရီးမီးယားလိဂ်ရဲ့ နွေရာသီဈေးကွက်က သြဂုတ်လ ၈ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်လို့ ယူနိုက်တက်လည်း သူ့ကို ခေါ်ယူချင်ရင် အမြန်ဆုံး ကြိုးစားမှ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။

#လီဗာပူး #ဘရူနိုဖာနန်ဒတ်စ်