ရှေ့သို့
Image

လာမယ့်နှစ်မှာ ပိုချက်တီနိုရဲ့ တော့တင်ဟမ် အသင်း ဖလားတွေ ယူဆောင် လာနိုင်တော့မလား ???

5:26 PM, 24 July

တော့တင်ဟမ်အသင်း နောက်ဆုံး အမှတ်ပေးဖလား ရယူခဲ့တာ လွန်ခဲ့တဲ့ ၅၈ နှစ်ခန့် က ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ကမ္ဘာကျော် တီးဝိုင်း band တစ်ခုဖြစ်တဲ့ Beatles တောင် သူတို့ ရဲ့ ပထမဆုံး album ကို ထုတ်ဝေ နေချိန် ဖြစ်ပါတယ်။ အင်္ဂလန် လက်ရွေးစင်အသင်း ဆိုရင်လည်း ကမ္ဘာဖလား ရခဲ့တာ ရာစုနှစ် တစ်ဝက်လောက် ကြာမြင့်ခဲ့ပါပြီ။

ကံကြမ္မာ အနိမ့်အမြင့်တွေကြား ရှင်သန်လာခဲ့ပြီးနောက်တွင် တော့တင်ဟမ်ဟာ လက်ရှိမှာတော့ ကမ္ဘာပေါ်ရှိ အကောင်းဆုံး ကစားကွင်းနဲ့ လေ့ကျင်ရေးကွင်းတွေ ပိုင်ဆိုင်လာခဲ့ပါတယ်။ သူတို့ ဟာ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာ ယူနိုက်တက်တို့ က ချိတ်ဆက်ရတဲ့ မန်နေဂျာကောင်း တစ်ဦးလည်း ပိုင်ဆိုင်ထားပါပြီ။ အသင်းကစားသမား ၇ ဦးလောက်က လွန်ခဲ့တဲ့ ရုရှားကမ္ဘာ ဖလားတွင် ဆီမီးဖိုင်နယ်ကို ရောက်ခဲ့သလို ယမန်နှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုလည်း ကစားထားပါတယ်။

အဓိကကျတဲ့ တစ်ချက်မှာ တော့တင်ဟမ်ဟာ ယခုနွေရာသီ အပြောင်းအရွှေ့မှာ အားနည်းချက် တစ်ခုလို ဖြစ်နေတဲ့ ကွင်းလယ်အတွက် လိုင်ယွန်ကြယ်ပွင့် တန်ဂိုင် အမ်ဒွန်ဘီလီကို ကလပ်စံချိန်တင် ပေါင် ၅၃.၈ သန်းဖြင့် ခေါ်ယူနိုင်ခဲ့တာပါ။ 

ဒါကြောင့်မို့  ယခုအချိန်ဟာ တော့တင်ဟမ်အသင်း ဆုဖလားတွေ ဆွတ်ခူးဖို့ အချိန်ကျ ရောက်လာပြီလားလို့ မေးဖို့  သင့်လာခဲ့ပြီ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဟာ လွှမ်းမိုးနိုင်သူတွေပါ “ လို့ တော့တင်ဟမ်အသင်း ရဲ့ အာရှကို သွားတဲ့ ပထမဆုံး ၁၀ ရက်တာ ရာသီကြို ခရီးစဉ် အင်တာဗျူးမှာ ပိုချက်တီနို ပြောပြခဲ့ဖူးပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ် ရောက်ခဲ့ပြီဆိုတော့ လီဗာပူး အသင်းလို ရှုံးနိမ့်မှုကနေ အောင်မြင်မှုဆီကို ရောက်အောင် ရုန်းထ သွားနိုင်မလား ဆိုတာ အဲဒီတုန်းက သတင်းထောက်တစ်ယောက်က  ကပ်သီးကပ်ဖဲ့ မေးခွန်း မေးဖူးတယ်။ 

တခြားအသင်းကို ကြည့်မှာထက် ပြိုင်ဘက် အသင်းတွေကသာ မိမိတို့ တော့တင်ဟမ်အသင်း  တစ်ပြား တစ်ချပ်မှ ငွေမသုံးဘဲ နောက်ဆုံး ၄ နှစ်အတွင်း ထိပ်ဆုံး ၄ သင်း ၀င်ရောက်ထားတဲ့ အခြေအနေကို အားကျ အတုယူရမှာ ဖြစ်တယ်လို့  ပိုချက်တီနိုက ပြန်ချေပလိုက်တယ်။

တကယ့်ကို ပညာသားပါတဲ့ ဖြေဆိုမှု ဖြစ်သလို ပိုချက်တီနိုဟာ မခေတဲ့ နည်းပြတစ်ဦး ဆိုတာ မီဒီယာကို ပြသွားတယ်။

တကယ်လည်း တော့တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၆ သင်းအောက် မရောက်တာ ရာစုနှစ်  တစ်ခုလောက် ရှိခဲ့ပါတယ်။ ဆုဖလားတွေ ရထားပါတယ် ဆိုတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့  ချဲလ်ဆီး အသင်းတို့ တောင် တစ်ကြိမ်စီ ရောက်ဖူးတယ်။ လီဗာပူးဆိုရင် ဒီအတွေ့ အကြုံကို ၃ ကြိမ်လောက် အထိ ခံစားရဖူးတယ်။ ၂၀၁၇ ခုနှစ်က Deloitte Money League ၀က်ဆိုက်ကနေ ဖော်ပြရာမှာ တော့တင်ဟမ် အသင်းဟာ ချမ်းသာကြွယ်ဝမှု အဆင့် ၆ နေရာအထိ ရောက်လာတယ်။ ဘောလုံးကလပ် တစ်ခုအနေနဲ့  တော့တင်ဟမ်အသင်းဟာ သမိုင်းတစ်လျောက် စံချိန်တင် အမြတ်ငွေတွေ ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ရဲ့ ကုန်ကျစရိတ်ဟာ တစ်နှစ်ကို ပေါင် ၁၄၈ သန်း ရှိပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာ ရှိပါတယ် ။ ဒါပေမယ့် အဆင့် ၅ နေရာက လန်ဒန်ပြိုင်ဘက် အာဆင်နယ် အသင်းက ပေါင်သန်း ၂၄၀ အထိ ရှိလို့ ကွာဟမှု တော်တော်လေး ကြီးမားကာ တော့တင်ဟမ်ရဲ့ ဘဏ္ဍရေးထိန်းသိမ်းမှု ဘယ်လောက် ကောင်းသလဲဆိုတာ သင် တွေးဆ ကြည့်နိုင်ပါတယ်။ 


အမှန်တကယ်ရော တော့တင်ဟမ်ကို မျှော်လင့်လို့ ရပါမလား??

=======================

ပိုချက်တီနိုကို အဓိက ဝေဖန်မှုက ၂၀၁၄ ခုနှစ် ဆောက်သမ်တန်ကနေ ရောက်လာကတည်းက ဆုဖလားတွေ ကင်းမဲ့နေခြင်း ဖြစ်ပါတယ်။ အမှန်တကယ်လည်း တခြားသော ပြိုင်ဘက်တွေ အောင်မြင်မှု ရနေချိန် ဆုဖလား ဆွတ်ခူးဖို့ က အာဂျင်တီးနားသား နည်းပြအတွက် ကြီးမားတဲ့ အခက်အခဲ တစ်ခုလို ဖြစ်နေပါတယ်။ 

အတိတ်ကို ပြန်ကြည့်ရင် ၁၉၈၄ ခုနှစ် ယူအီးအက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ အန်ဒါလက်ခ်ျကို ပင်နယ်တီနဲ့ အနိုင် ယူပြီးနောက် ၂၀၀၈ ခုနှစ်အထိ  တော့တင်ဟမ်အသင်းဟာ အက်ဖ်အေဖလား တစ်လုံးနဲ့  ပြည်တွင်း လိဂ်ဖလား ၂ လုံးသာ ရခဲ့ပါတယ်။

ဒါပေမယ့် ၁၉၅၆ ကနေ ၁၉၆၇ နှစ်အတွင်း အာဆင်နယ်၊ လီဗာပူး၊ မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ တော့တင်ဟမ်ဟာ အင်္ဂလန်ရဲ့ ကြီးလေးကြီး  စာရင်းဝင်ခဲ့ပါတယ်။ အဖြူရောင်ငှက်တွေရဲ့  အကြီးမားဆုံး အောင်မြင်မှုက ၁၉၆၁ ခုနှစ်မှာ အင်္ဂလန် ပြည်တွင်းဖလား ၂ လုံး တစ်ပြိုင်နက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ ၁၉၆၂ တွင် အက်ဖ်အေဖလား၊ ၁၉၆၃ တွင် ဥရောပဖလား ချန်ပီယံ၊ ၁၉၆၇ မှာ အက်ဖ်အေဖလား ရယူခဲ့သလို  အမှတ်ပေးပြိုင်ပွဲ First Division (အဲဒီတုန်းက ပရီးမီးယားလိဂ်ဟု အမည်မတွင်သေး)  မှာလည်း ဒုတိယနှစ်ခါ၊ တတိယ ၄ ခါအထိ ရခဲ့ပါတယ်။

အတိအကျပြောရရင်  ၁၉၅၉ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်ကာလတွေဟာ အင်္ဂလန်မှာ တော့တင်ဟမ်အသင်း ရွှေရောင် ခေတ်တစ်ခေတ် လွှမ်းခဲ့တယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်လို့ ရပါတယ်။

ဒီလိုနဲ့  ရွှေရောင်ခေတ်ကာလကို ဆန့် ကျင်ပြီး ကစားလာခဲ့တာ ၂၀၁၇ ခုနှစ်အထိ တိုင်အောင် တော့တင်ဟမ် အသင်းဟာ ဆုဖလားတွေ ရယူဖို့ ခဲယဉ်းနေဆဲ ဖြစ်ပါတယ်။

အထူးသဖြင့် ၂၀၁၇ ခုနှစ်မရောက်မီ တော့တင်ဟမ်အသင်းဟာ လန်ဒန်ဒါဘီ ပြိုင်ဘက် အာဆင်နယ် အသင်းရဲ့အောက် ၂၁ ရာသီဆက် အမှတ်ပေးမှာ အဆင့် နိမ့်ကျခဲ့ပါတယ်။ ထပ်မံ အတိအကျပြောရရင်  ၁၉၉၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ တော့တင်ဟမ် အသင်းဟာ အမှတ်ပေးမှာ အဆင့် ၅ အထက်  တစ်ကြိမ်တစ်ခါမှ မရခဲ့ဖူးပါဘူး။ အဲ့ဒီထဲမှာ ၇ ရာသီဆက်က အဆင့် ၁၀ အောက်အထိ ရရှိခဲ့ဖူးပါတယ်။ ဒါကြောင့်လဲ ပိုချက်တီနို က ကျွန်တော်တို့ အသင်းဟာ အစဉ်အလာပိုင်း အရ  ထိပ်သီးကလပ် မဟုတ်ဘူးလို့ ဝန်ခံ ဖွင့်ဟခဲ့ဖူးတာပါ။


ဥရောပ ထိပ်သီးကလပ်အဖြစ် ဂုဏ်ရှိန် မြှင့်လာခြင်း

=====================

တော့တင်ဟမ်အသင်းရဲ့ အဆင့်အတန်း တဖြည်းဖြည်း ပြောင်းလဲလာတဲ့ အချက် ၃ ချက်ရှိပါတယ်။

ပထမအချက်က အင်္ဂလန်လူငယ် ကစားသမားတွေကို အရည်အသွေး ရှိသူတွေအဖြစ် မွေးထုတ်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း၊ ကွင်းလယ်လူ ဟယ်ရီဝင်ခ့်တို့ ကို အကယ်ဒမီက မွေးထုတ် ပေးနိုင်ခဲ့သလို ဒယ်လီအလီ၊ ဒန်နီရို့ စ်၊အဲရစ် ဒိုင်ယာတို့ ကို ဈေးသက်သက်သာသာ နဲ့ ဝယ်ယူ နိုင်ခဲ့ပါတယ်။ ဒါအပြင်  ဟူဂိုလိုရစ်၊ တိုဘီ အယ်ဒါဝီရယ်၊ ခရစ္စတီယန် အဲရစ်ဆင် စတဲ့ နာမည်ရ ကစားသမားတွေကို အရ ခေါ်ယူခဲ့တာလည်း အသင်းရဲ့ ပုံရိပ်ကို  တဖြည်းဖြည်း  တက်လာစေပါတယ်။ သူတို့ အားလုံးကို ဖွဲ့ စည်းကာ တော့တင်ဟမ်ဟာ တောင့်တင်းတဲ့ အသင်းတစ်သင်းအဖြစ် တည်ဆောက်ခဲ့ပါတယ်။

ဒုတိယအချက်က ၂၀၁၂ ခုနှစ်အတွင်း ဖွင့်ခဲ့တဲ့ တော့တင်ဟမ်ရဲ့ လေ့ကျင်ရေးကွင်း ဖြစ်တဲ့ Enfield ဟာ မြက်ခင်းတု ၁၅ ကွင်း ပါရှိပြီး ဥရောပရှိ အကောင်းဆုံးတွေထဲက တစ်ခု ဖြစ်ပါတယ်။ အဆိုပါ ကွင်းကို ၂၀၁၈ ခုနှစ် ကမ္ဘာဖလားတုန်းက ဘရာဇီး အသင်းဟာ ပြိုင်ပွဲ ပြင်ဆင်မှုတစ်ရပ် အနေနဲ့   အသုံးပြု လေ့ကျင် ခဲ့ပါသေးတယ်။

နောက်ဆုံးအချက်က မကြာသေးမီက ဖွင့်ထားတဲ့ တော့တင်ဟမ်အသင်းရဲ့  အိမ်ကွင်းပါ။ ထိုင်ခုံ ၆ သောင်း၂ ထောင် ဆန့် ကွင်းဟာ လုံခြုံရေးအရ ဖွင့်လှစ်မှုရက်က  ခန့် မှန်းထားတာထက် နောက်ကျခဲ့ပေမယ့် ဧပြီလမှာ အဆင်ပြေပြေ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

တော့တင်ဟမ် ရဲ့ တာဝန်ရှိသူတွေကတော့ အသင်းအိမ်ကွင်းဟာ လန်ဒန်မှာ ဘက်စကက်ဘော ပြိုင်ပွဲတွေ၊ ကားမောင်းပြိုင်ပွဲတွေ ကျင်းပပေးဖို့ အထိ ရည်ရွယ်ပြီး တည်ဆောက်ထားတာ ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

အဓိကကတော့ တော့တင်ဟမ်ကွင်းဟာ အသင်းရဲ့ဝင်ငွေ များစွာ တိုးတက်လာဖို့ အထောက်အပံ့ များစွာ ရရှိနိုင်တဲ့ နေရာ ဖြစ်လာတော့မှာပါ။ ဒါပေမယ့်  ကွင်းဆောက်ဖို့ ပေါင် ၁ ဘီလီယံအထိ ကုန်ကျ ထားတာမို့ တော့တင်ဟမ် အသင်းမှာ အကြွေးတွေ ရှိပါတယ်။ ကွင်းဆောက်လိုက်လို့ အကြွေး သပ်သပ်ကြီးပဲ ဘယ်လောက်ထိ မြှင့်တက်သွားမလဲဆိုတာ အသင်းရဲ့ တာဝန်ရှိသူတွေက တရားဝင် အတိအကျ ထုတ်ဖော် ထားခြင်းတော့ မရှိပါဘူး။ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ တော့တင်ဟမ်အသင်း အရင်းကြေနိုင်ဖို့ က လာမယ့် ၂၅ နှစ်အတွင်း ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဘာလို့ လဲဆိုတော့ နှစ်စဉ် ကွင်းသစ်ကြီးကနေ အသားတင် ပေါင်သန်း  ၅၀ ပြန်လည် ရရှိနိုင်လို့ ပါ။


တော့တင်ဟမ်အတွက် ခြေစွမ်း တည်ငြိမ်မှုက အဓိက စိန်ခေါ်မှုဖြစ်

=================================

အထက်က ပြောခဲ့သလို တော့တင်ဟမ်အသင်း ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၆ သင်း အောက်ကနေ မကျ သွားတာ ရာစုနှစ် တစ်ခုလောက် ရှိလာပါပြီ။ အသင်းရဲ့ ခြေစွမ်း တည်ငြိမ်မှု အကြောင်းကိုလည်း နည်းပြ ပိုချက်တီနိုက ဖွင့်ဟဖူးပါတယ်။

“ကျွန်တော်တို့ ပရိသတ်တွေ၊ အမူဆောင်ချုပ်တွေ၊ အသင်းက တာဝန်ရှိသူတွေရဲ့  အသိအမြင်ကို ပြောင်းလဲလို့ မရနိုင်ပါဘူး။ အသိက အသိပါပဲ ။ အမှန်တရားက ဒီမှာပါ။ ဗိုလ်လုပွဲကို ရောက်တာဖြစ်ဖြစ် အမှတ်ပေးဖလား ရယူတာ ဖြစ်ဖြစ်။ အဲဒါက ကျွန်တော်တို့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် ထိပ်တန်း အဆင့်ကို ထိန်းသိမ်းထားနိုင်ဖို့ ဆိုတာ မတူညီတဲ့ အရာတစ်ခု ဖြစ်သွားပြန်ပါတယ်၊ နောက်ဆုံး လေးနှစ်အတွင်း ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့တာက ကျွန်တော်တို့ အသင်းရဲ့ အောင်မြင်မှု အတွက် ပထမဆုံး ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့် သင်ကိုယ်တိုင် အများကြီး ခြေလှမ်းလှမ်းသွားဖို့ လိုအပ်တယ်။ ဘာလို့ လဲဆိုတော့ နောက်ဆုံး ခြေလှမ်းက အခက်ခဲဆုံးမို့ လို့ ပါ။ ကျွန်တော်တို့ ထိပ်သီးကလပ်တွေနဲ့  အပြိုင် ကြိုးစားနေတယ်။ ဒါကြောင့် ကျွန်တော်တို့ ကိုယ်တိုင် အကြံဥာဏ် ထုတ်ရမယ်၊  ဖန်တီးရမယ်၊  ရှေ့ ကို တက်လှမ်းနိုင်ရမယ်၊ ဒါတွေက ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါ” ဟု ဆိုထားပါတယ်။

ပိုချက်တီနိုရဲ့ စကားတွေကို ပြန်ကြည့်ရင်   သူဟာ တော့တင်ဟမ် အသင်းကို အောင်မြင်မှုတွေဆီသို့  ရောက်အောင် အခြေခံ အုတ်မြစ် တည်ပြီး တဖြည်းဖြည်း လှမ်းလာနေတယ်လို့  ယူဆရပါတယ်။ ယခုနှစ် တော့တင်ဟမ်အသင်း အောင်မြင်မှု ရနိုင်သလား မေးခွန်းကို ဖြေရရင် ပိုချက်တီနိုရဲ့ အသင်းဟာ ဥရောပရှိ အသင်းတိုင်းက လူရိုသေ ရှင်ရိုသေ အနေအထားကို ရောက်လာပြီ ဖြစ်လို့ ယခုအချိန် တော့တင်ဟမ်ရဲ့ အုတ်မြစ်ဟာ ခိုင်မာ တောင့်တင်းပြီး ပြိုလဲကျဖို့ မလွယ်ကူတော့ပါဘူး။ ဒါပေမယ့် အသီးအပွင့်တွေ ရဖို့  လိုအပ်တဲ့ မြေသြဇာ ( သို့ ) အောင်မြင်မှု ပန်းတိုင်ကို ရောက်ဖို့ သာ ပိုချက်တီနို မှန်ကန်စွာ ဖြန်းပက်နိုင်ဖို့ သာ လိုအပ်ပါတော့တယ်။

#ပိုချက်တီနို #တော့တင်ဟမ်