ရှေ့သို့
Image

အွန်နရီနဲ့ အီရန်ရိုက်တို့ ဘယ်လို ကူညီခဲ့သလဲ ဆိုတာကို ဖွင့်ဟလာတဲ့ အမ်ခီတီယာ

10:41 AM, 22 July

အာဆင်နယ်အသင်းရဲ့လူငယ် ကစားသမားလေး အမ်ခီတီယာကတော့ ခြေစမ်းပွဲစဉ်မှာ တျောက်လျောက် ခြေစွမ်းပြနေပြီး နောက်ဆုံး ၂ ပွဲမှာ ၃ ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး အမ်ခီတီယာကတော့ အသင်း ဂန္တ၀င်တွေဖြစ်တဲ့ အွန်နရီ နဲ့ အီရန်ရိုက်တို့ဟာ ခြေစွမ်းကောင်းတွေ ရဖို့အတွက် သူ့ကိုဘယ်လို ကူညီခဲ့သလဲ ဆိုတာကို ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

အသက် ၂၀ အရွယ် ကစားသမားက အီရန်ရိုက်ဟာ သူ့ကို အကြံတစ်ချို့ပေးခဲ့သလို အွန်နရီကလည်း ကလပ်အသင်း အကယ်ဒမီမှာတုန်းက တိုက်စစ်မှာ ဘယ်လို နေရာယူရမယ် ခံစစ်မှူးတွေကို ဘယ်လို ကျော်ဖြတ်ရမလဲ ဆိုတာတွေကအစ သင်ကြားပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ထို့အပြင် အင်္ဂလန် တိုက်စစ်မှူးလေးကလည်း သူ့အနေနဲ့ အဆိုပါ ဂန္တ၀င်ကစားသမား ၂ ဦးအပြင် လက်ရှိအသင်း တိုက်စစ်မှူးတွေဖြစ်တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တီတို့ ဆီကနေလည်း သင်ယူနေကြောင်း ၀န်ခံ ပြောကြားခဲ့ပါတယ်။

“အာဆင်နယ် အသင်းမှာ နာမည်ကျော် တိုက်စစ်မှူးတွေ အများကြီး ကစားခဲ့ပါတယ်။ အဲ့ထဲကမှ အီယန်ရိုက်နဲ့ အွန်နရီတို့ကတော့ ကျွန်တော့် အကြိုက်ဆုံး တိုက်စစ်မှူး ၂ ဦးပါ”လို့ သူက ဆိုပါတယ်။

“ကျွန်တော့်ကို အီရန်ရိုက်က တွေ့တိုင်း အမြဲတမ်း အကြံဥာဏ်ကောင်းတွေ ပေးပါတယ်။ အွန်နရီဆိုရင်လည်း ကလပ်အသင်း အကယ်ဒမီမှာတုန်းက ကျွန်တော့်ကို အများကြီး သင်ကြား ပြသခဲ့ပါတယ်။ သူ့ဆီကနေလည်း အများကြီး သင်ယူနိုင်ဖို့ ကြိုးစားခဲ့သလို သင်ယူခဲ့ရတာတွေကိုလည်း အခု ကွင်းထဲမှာ အကောင်းဆုံး အသုံးချနိုင်ခဲ့ပါပြီ။ အဲ့အတွက် သူတို့ ၂ ယောက်စလုံးကို ကျေးဇူးတင်ပါတယ်”လို့ အမ်ခီတီယာက ပြောပါတယ်။

“လာကာနဲ့ ကျွန်တော့်ကြားမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ပြီးတော့ ဖီရင်အိုတီးနား အသင်းနဲ့ပွဲမှာလည်း  ကျွန်တော့်ရဲ့ဒုတိယမြောက်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ သူ့ဆီကနေလည်း အကြံဥာဏ်ကောင်းတွေ အများကြီး ရပါတယ်”လို့ အမ်ခီတီယာက ပြောကြားခဲ့ပါတယ်။

တိုက်စစ်မှူး အမ်ခီတီယာဟာ လက်ရှိ အချိန်မှာတော့ ကိုယ်ကာယ ကြံ့ခိုင်ရေးအတွက် လေ့ကျင့်နေပြီး ၂၀၁၇ ခုနှစ် လိဂ်ဖလား ပွဲစဉ်တုန်းကလည်း လူစားဝင်ကစားပြီး သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ထို့အပြင် ပြီးခဲ့တဲ့ရာသီ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်မှာလည်း သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

#အွန်နရီ #အမ်ခီတီယာ #အီရန်ရိုက်