ရှေ့သို့
Image

လာမယ့်အပတ်အတွင်းမှာ အပြောင်းအလဲများစွာမြင်တွေ့ရဖွယ်ရှိနေတဲ့ အာဆင်နယ်

4:06 PM, 18 July

အာဆင်နယ်အသင်းဟာ လက်ရှိအပြောင်းအရွှေ့ရာသီမှာ ဘရာဇီးတိုက်စစ်မှူး မာတီနယ်လီတစ်ဦးကိုသာ ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း လာမယ့်အပတ်အတွင်းမှာတော့ အပြောင်းအလဲများစွာကိုမြင်တွေ့ရဖွယ် ရှိနေပါတယ်။

နွေရာသီအပြောင်းအရွှေ့ကတော့ နောက်လာမယ့် ၃ပတ်မှာ ပိတ်သိမ်းမှာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ကစားသမားသစ်ခေါ်ယူအားဖြည့်ဖို့အတွက် ၂၁ ရက်လောက်သာ အချိန်ရပြီး ကစားသမားသစ်တွေဆက်လက်ရောက်ရှိလာမလား စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

လက်ရှိအာဆင်နယ်အသင်းကတော့ ပဲလေ့စ်တောင်ပံကစားသမား ဇာဟာကိုခေါ်ယူဖို့ ချိတ်ဆက်နေသလို ဘယ်နောက်ခံလူနေရာမှာ ဆဲလ်တစ်ကစားသမား တီယာနေး ၊ စိန့်အက်တီယန်နောက်ခံလူ ဆာလီဘာတို့ကိုခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။

အသင်းနဲ့အံမ၀င်တဲ့ကစားသမားတွေဖြစ်တဲ့ မူစတာဖီ၊ အိုဇေးလ်၊ မစ်ခီတာရန်တို့ကို ရောင်းချဖို့ပြင်ဆင်နေပေမယ့်လည်း ၀ယ်ယူမယ့် ကလပ်အသင်းမရှိသေးတာကြောင့် အခက်တွေ့နေပါတယ်။

တိုက်စစ်ပိုင်းမှာတော့ မာတီနယ်လီကိုခေါ်ယူထားခဲ့ပေမယ့်လည်း ကွင်းလယ်နေရာမှာတော့ ဆီဘယ်လော့စ်ကိုခေါ်ယူဖို့ စီစဉ်နေပါတယ်။

အဆိုပါကွင်းလယ်ကစားသမားလေးဟာ လက်ရှိနည်းပြ ဇီဒန်းအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် အာမခံချက်မရှိတာကြောင့် ပွဲထွက်ခွင့်ပိုမိုသေချာတဲ့အသင်းတစ်သင်းဆီကို ပြောင်းရွှေ့လိုနေပြီး အာဆင်နယ်အသင်းကခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းပရိသတ်တွေကတော့ လက်ရှိအသင်းရဲ့အပြောင်းအရွှေ့အပေါ် အတော်လေး စိတ်ပျက်နေကြပြီး အပြောင်းအရွှေ့ပိတ်သိမ်းချိန်အထိ ကစားသမားသစ်တွေ ထပ်မရောက်လာမှာကို စိုးရိမ်နေကြပါတယ်။

သတင်းတွေအရတော့ အာဆင်နယ်အသင်းဟာ  စိန့်အက်တီယန်နောက်တန်းကစားသမား ဆာလီဘာကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေတယ်လို့ဖော်ပြနေကြပါတယ်။

အဆိုပါအသက် ၁၈နှစ်အရွယ်ကစားသမားလေးကိုတော့ မြို့ခံပြိုင်ဘက် စပါးအသင်းက ခေါ်ယူဖို့ကြိုးပမ်းလာပေမယ့်လည်း တရားဝင်ကမ်းလှမ်းမှုမရှိသေးသလို ကစားသမား ကိုယ်တိုင်ကလည်း အာဆင်နယ်အသင်းကိုသာ ပြောင်းရွှေ့ဖို့အလိုရှိနေတာကြောင့် ခေါ်ယူနိုင်ဖို့ပိုမိုနီးစပ်လာတာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ အာဆင်နယ်အသင်းဟာ ဆဲလ်တစ်နောက်ခံလူ တီယာနေးကိုခေါ်ယူဖို့ ချိတ်ဆက်နေပြီး ပထမတစ်ကြိမ် ကမ်းလှမ်းမှု နဲ့  ဒုတိယအကြိမ် ကမ်းလှမ်းမှုတွေကို စကော့တလန်ကလပ်က ပယ်ချခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းကတော့ ခေါ်ယူဖို့လက်မလျော့သေးပဲ တတိယအကြိမ်ထပ်မံ ကမ်းလှမ်းဖို့ပြင်ဆင်နေပါတယ်။

တောင်ပံကစားသမားနေရာမှာလည်း ပဲလေ့စ်တောင်ပံကစားသမား ဇာဟာကိုချိတ်ဆက်နေသလို ဘာစီလိုနာ တောင်ပံကစားသမား မယ်လ်ကွန်၊ ဘရာဇီးကစားသမား အဲဗာတန် ဆိုအာရက်စ်ကိုလည်းခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းဟာ လာမယ့်အပြောင်းအရွှေ့ လက်ကျန် ၂၁ ရက်မှာ ကစားသမားသစ်တော်တော်များများ ရောက်လာမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

#ဇာဟာ #ဆာလီဘာ #မာတီနယ်လီ #တီယာနေး