ရှေ့သို့
Image

စပါးအသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ဒန်နီရို့စ်

8:48 AM, 17 July

စပါးအသင်းဟာ ဘယ်နောက်ခံလူ ဒန်နီရို့စ်ကို ရာသီကြို ခရီးစဉ်မှာ ချန်လှပ်ခဲ့ပြီးနောက် အသင်းကနေ ရောင်းချဖို့ စီစဉ်ထားခဲ့တယ်လို့ တယ်လီဂရက်ဖ်က ဖော်ပြခဲ့ပါတယ်။ ဒန်နီရို့စ်ဟာ လန်ဒန်အသင်းနဲ့ ၂ နှစ်စာချုပ် ကျန်ရှိနေပေမယ့် အင်္ဂလန်သားကို ခေါ်ယူမယ်ဆိုရင်တော့ ပေါင် ၂၅ သန်းဝန်းကျင်သာ ကုန်ကျသွားမှာ ဖြစ်ပါတယ်။

ဒန်နီရို့စ်ဟာ အင်္ဂလန်အသင်းနဲ့ နေးရှင်းလိဂ် ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီးနောက် အခြား အသင်းဖော်တွေထက် နောက်ကျပြီးမှ စပါးအသင်းနဲ့ ပြန်လည် ပူးပေါင်းခဲ့ပါတယ်။ အာဖရိကဖလားမှာ ပါဝင်ခဲ့တဲ့ ၀မ်ယာမာ၊ အူရီရာ၊ ဆန်းချက်ဇ်တို့လို ကစားသမားတွေ နဲ့အတူ အသင်းကို ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

ရို့စ်ဟာ စပါးအသင်းရဲ့ အရောင်းစာရင်း တင်ထားတဲ့ ကစားသမား ၈ ဦးထဲက တစ်ဦးပဲ ဖြစ်ပါတယ်။ စပါးအသင်းဟာ အန်ဒွန်ဘီလီကို ကလပ် စံချိန်တင်ဈေးနဲ့ ခေါ်ယူခဲ့ပြီးနောက် ငွေကြေး ပြန်လည်ရှာဖွေဖို့ စီစဉ်ထားခဲ့ပါတယ်။

ထရစ်ပီယား၊ အူရီရာ၊ ၀မ်ယာမာ၊ ဂျန်ဆန်၊ ကာတာ-ဗစ်ကားစ်၊ အိုနိုမာနဲ့ အက်ဒ်ဝေါ့တို့ဟာ စပါးအသင်းက ထွက်ခွာခွင့်ပြုထားတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။ ညာနောက်ခံလူ ထရစ်ပီယားကတော့ အက်သလက်တီကို အသင်းကို ပေါင် ၂၅ သန်းဖြင့် ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

#စပါး #ထရစ်ပီးယား