ရှေ့သို့
Image

ဆာရီရဲ့နည်းဗျူဟာမှာ အခရာကျလာနိုင်တဲ့ ဝေးလ်ကြယ်ပွင့်

2:57 PM, 11 July

ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီကတော့ လာမယ့်ရာသီသစ်မှာ အာဆင်နယ်အသင်း ကွင်းလယ် ကစားသမားဟောင်း ရမ်ဆေးကို အခြေတည်ပြီးတည်ဆောက်သွားဖွယ်ရှိနေကာ ကွင်းလယ်ကစားသမား ၃ ယောက်တန်းမှာတော့ ဝေးလ်ကြယ်ပွင့်ဟာ အခရာအကျဆုံး ကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။

နည်းပြ ဆာရီဟာ အဆိုပါဝေးလ်သားရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ကာ လာမယ့်ရာသီသစ်အသင်း လူစာရင်းမှာတော့ အကောင်းဆုံး နည်းဗျူဟာနဲ့လူစာရင်းကိုမြင်တွေ့ရဖို့ ရှိနေပါတယ်။

နည်းစနစ်ဒါရိုက်တာ ဖေဘီယို ပရာတီဆီကလည်း မိမိကလပ်အသင်းဟာ လက်ရှိအချိန်မှာ ၄-၃-၃ ဒါမှမဟုတ် ၄-၃-၂-၁ ကစားကွက်ကြိုက်တဲ့ ကစားကွက်ကို အသုံးပြုလို့ရတယ်လို့ဆိုပါတယ်။

ကွင်းလယ်ကစားသမား ရမ်ဆေးဟာ အခုနှစ်နွေရာသီကမှ အာဆင်နယ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ တူရင်ကလပ်အသင်းထံ ပြောင်းရွှေ့လာခဲ့သလို နောက်ထပ်ကွင်းလယ် ကစားသမားတစ်ဦးဖြစ်တဲ့ ရာဘီအော့ကလည်း ပီအက်စ်ဂျီအသင်းကနေ အလွတ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိဂျူဗင်တပ်စ်အသင်းရဲ့ကွင်းလယ်ကတော့ အတောင့်တင်းဆုံးကွင်းလယ်တစ်ခုကို မြင်တွေ့ရဖို့ရှိနေပြီး ပီယာနစ်၊ ရမ်ဆေး၊ အမ်မရီကမ်၊ ရာဘီအော့စတဲ့ အရည်အသွေးမြင့် ကွင်းလယ်တစ်ကြောကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

လက်ရှိအချိန်အထိတော့ ဘယ်ကွင်းလယ်ကစားသမားကိုအဓိက အသုံးပြုမလဲဆိုတာကိုမသိရသေးပေမယ့် သတင်းတွေအရတော့ ကွင်းလယ် ၃ ယောက်တန်းနေရာမှာ ရမ်ဆေး၊ အမ်မရီကမ်၊ ပီယာနစ် စတဲ့ ကစားသမား ၃ဦးကို အခြေတည်ဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။


ဒါပေမယ့်လည်း အဆိုပါသတင်းတွေကတော့ ခန့်မှန်းဖော်ပြခဲ့တာဖြစ်ကာ ဘယ်ကစားသမားတွေနဲ့ ကွင်းလယ် ၃ ယောက်တန်းကို ပုံဖော်မလဲဆိုတာကိုသေချာမသိရသေးပေမယ့် အဆိုပါကွင်းလယ်ကစားသမား ၃ ယောက်ထဲမှာတော့ ရမ်ဆေးသေချာပေါက်ပါဝင်နေတယ်လို့ဖော်ပြခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီရဲ့သူငယ်ချင်းဖြစ်သူ တိုဂန်ဆီနီကလည်း ၎င်းရဲ့သူငယ်ချင်းဖြစ်သူဟာ အဆိုပါဝေးလ်လက်ရွေးစင် ကစားသမားကို နယ်မြေသစ်မှာ အထိုင်ကျအောင်ကူညီပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော်ကတော့ ဆာရီကိုယုံကြည်ပါတယ်။သူ(ဆာရီ)အနေနဲ့ ရမ်ဆေးကိုအကောင်းဆုံးပုံစံတစ်ရပ် ရရှိအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ထင်ပါတယ်”လို့ တိုဂန်ဆီနီက ပြောပါတယ်။

#စီးရီးအေ #ဆာရီ #ရာဘီအော့