ရှေ့သို့
Image

ပြောင်းရွေ့ကြေးပေါင် ၄၅ သန်းကိုအာဆင်နယ် ဘယ်လိုအသုံးချမလဲ

4:39 PM, 9 July

ယခုနှစ် နွေရာသီကတော့ အာဆင်နယ် ပရိသတ်တွေအတွက် မကျေနပ်စရာတွေ များတဲ့ အချိန်တစ်ခုပဲ ဖြစ်ပါတယ်။ စပါးအသင်းက အန်ဒွန်ဘီလီကို ကလပ် စံချိန်တင် ပြောင်းရွေ့ကြေး၊ မန်စီးတီးအသင်းက ရိုဒရီကို ကလပ်စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ မန်ယူအသင်းက မက်ဂွီရီကို ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေတဲ့အချိန်မှာ အာဆင်နယ်အသင်းက ပြောင်းရွေ့ကြေး ပေါင် ၄၅ သန်းသာ ရရှိထားတယ်လို့ သတင်းတွေက အတည်ပြုထားခဲ့တာကြောင့် ပရိသတ်တွေအတွက် မကျေနပ်စရာတွေ ဖြစ်ပေါ်ခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီအတွက် လိုအပ်နေတဲ့ နေရာ ၄ နေရာ ရှိနေပါတယ်။ ဘယ်နောက်ခံလူ၊ ဗဟိုနောက်ခံလူ၊ box-box ကွင်းလယ်လူနဲ့ တောင်ပံလူတစ်ဦး လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပေါင် ၄၅ သန်းကို အာဆင်နယ်အသင်း ဘယ်လို အသုံးချသွားမလဲဆိုတာကို သုံးသပ်ဖော်ပြလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ဘယ်နောက်ခံလူ နေရာအတွက် ဆဲလ်တစ် နောက်ခံလူ တီယာနေးကို ပစ်မှတ်ထားနေပြီး ဆဲလ်တစ်အသင်းကတော့ ပေါင် ၂၅ သန်း တန်ကြေး သတ်မှတ်ထားကာ ညှိနှိုင်းမှုတွေ ပြုလုပ်လျက် ရှိပါတယ်။

ဒါ့အပြင် အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခွင့်ရနိုင်တဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ ဖီလစ်ပီ လူးဝစ်ဟာ အက်သလက်တီကိုအသင်းက ထွက်ခွာလာခဲ့သလို လီဗာပူးအသင်းကနေ ထွက်ခွာလာခဲ့တဲ့ မိုရီနိုလည်း ရှိနေပါသေးတယ်။

မာဆယ်လိုကလည်း ရီးရဲလ်ကနေ ထွက်ခွာခွင့်တောင်းဆိုထားလို့ အာဆင်နယ်အတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဗဟိုခံစစ်နေရာအတွက်တော့ စိန့်အက်တီယန် နောက်ခံလူ ၀ီလီယံ ဆာလီဘာကို အကြိးအကျယ် ချိတ်ဆက်နေပြီး မကြာခင်မှာ တရားဝင်ကြေညာနိုင်ဖို့ ရှိနေပါတယ်။

ဒါပေမယ့် လာမယ့်ရာသီမှာ အငှားပြန်ချပေးရမယ်ဆိုတဲ့ သဘောတူညီချက်ကြောင့် လက်ရှိမှာတော့ အသုံးပြုနိုင်ဦးမှာ မဟုတ်သေးပါဘူး။ ဒါကြောင့် ချဲလ်ဆီးကနေ ထွက်ခွာလာတဲ့ နောက်ခံလူ ဂယ်ရီ ကာဟေးလ်ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းသင့်ပါတယ်။

ကာဟေးလ်ဟာ လွန်ခဲ့တဲ့ ၂နှစ်က ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ ကွန်တီရဲ့ ချဲလ်ဆီးအသင်းမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့တ ဖြစ်ပါတယ်။ ဒါမှမဟုတ် ဘရာဇီး နောက်ခံလူ အာရေ ကောမက်ကိုလည်း ခေါ်ယူနိုင်ပါသေးတယ်။

ကောမက်ကို ခေါ်ယူမယ်ဆိုရင်တော့ အာဆင်နယ်အသင်းက ပေါင် ၇ သန်းထက် မပိုပဲ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ဂရီမီယို နောက်ခံလူ ဝေါလ်တာ ကန်နီမန်းကိုလည်း ပေါင် ၁၂ သန်းနဲ့ ခေါ်ယူနိုင်ပါသေးတယ်။

ကွင်းလယ်မှာတော့ ကစားသမားတွေက ပြောင်းရွေ့ကြေး မြင့်မားနေကြသလို ကစားသမားကောင်းတွေကို ဈေးနည်းနည်းနဲ့ ခေါ်ယူဖို့လည်း ခက်ခဲပါတယ်။ နာပိုလီအသင်းက ဇီလင်စကီးကို ခေါ်ယူမယ်ဆိုရင်တော့ ပေါင် သန်း ၄၀ ပေးရမှာဖြစ်တာကြောင့် ပြောင်းရွေ့ကြေးတွေ အားလုံးအသုံးပြုရမလို ဖြစ်သွားမှာပါ။

အေဂျက်စ်အသင်းက ဇီယက်ခ်ျကို ခေါ်ယူမယ်ဆိုရင်တော့ ၂၆သန်းဖြင့်သာ ခေါ်ယူနိုင်ပြီး ဆဲလ်ဘတ်အသင်း ကွင်းလယ်လူ ဆိုဘော့စ်လိုင်းကိုလည်း ပေါင် ၁၅ သန်း ၀န်းကျင် ဖြင့်သာ ခေါ်ယူနိုင်ပါတယ်။

ဇာဟာကတော့ အာဆင်နယ်ရဲ့ အဓိက ပစ်မှတ်ဖြစ်ပေမယ့် အဆိုပါ ကစားသမားကို ရရှိထားတဲ့ အသုံးစရိတ်နဲ့ ခေါ်ယူဖို့ဆိုရင် မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် အခြား ရွေးချယ်စရာတွေကို နည်းပြအမ်မရီအနေနဲ့ အာရုံစိုက်သင့်ပါတယ်။

ဘုန်းမောက် တော်ပံကစားသမား ဖရေဆာကို ခေါ်ယူမယ်ဆိုရင်တော့ ပေါင် သန်း ၂၀ ၀န်းကျင်သာ ကုန်ကျသွားမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် လိုင်ယွန် အသင်းက ဖီကီယာကိုလည်း ပြောင်းရွေ့ကြေး အနည်းငယ်နဲ့ ခေါ်ယူနိုင်ပါသေးတယ်။

နောက်တစ်ဦးကတော့ ဘာစီလိုနာ တောင်ပံကစားသမား မယ်ကွန်ဖြစ်ပြီး ဘာစီလိုနာမှာ ပွဲထွက်ခွင့် မရခဲ့လို့ အသင်းက ထွက်ခွာချင်နေခဲ့တာ ဖြစ်ပါတယ်။

အိုဇေးလ်ကို ရောင်းချခြင်းဖြင့်လည်း ပေါင် သန်း ၅၀လောက် အပြောင်းအရွေ့စရိတ် ပြန်လည် ရှာဖွေနိုင်ပါသေးတယ်။ ဒါပေမယ့် အလားတူ အသင်းမှာလည်း ဆက်ထိန်းထားနိုင်ပါတယ်။

မိုရီနိုနဲ့ ကာဟေးလ်ကို အလွတ်ပြောင်းရွေ့ကြေး၊ ဆိုဘော့စ်လိုင်းကို ပေါင် ၁၅သန်းနဲ့ ဖီကာကို ပေါင် သန်း၃၀ အသုံးပြုပြီး လိုအပ်နေတဲ့ နေရာတွေကို ဖြည့်တင်းသွားနိုင်ပါတယ်။

ဒါကြောင့် နွေရာသီမှာ အာဆင်နယ်အသင်း ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စိတ်ဝင်စားစွာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

#ဇာဟာ #ဖီလစ်ပီ လူးဝစ် #တီယာနေး