ရှေ့သို့
Image

စပါးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်က ပင်နယ်တီနဲ့ ပတ်သတ်ပြီး ပြောကြားလိုက်တဲ့ ကွင်းလယ်ဒိုင် အကြီးအကဲ မိုက် ရီလေ

2:28 PM, 9 July

ကွင်းလယ်ဒိုင် အကြီးအကဲ မိုက် ရီလေကတော့ VAR တွေအသုံးပြုပြီး ပင်နယ်တီပေးမှုတွေကို ရပ်တန့်သင့်ပြီး လာမယ့် ၂၀၁၉ - ၂၀၂၀ ပရီးမီးယားလိဂ်ကိုပါ လာရောက် သက်ရောက်မှာ ဖြစ်တာကြောင့် စိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။

ရီလေကတော့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ လီဗာပူးအသင်းတို့ ပွဲစဉ်မှာ စပါး ကွင်းလယ်ကစားသမား ဆစ်ဆိုကိုရဲ့လက်ထိဘောနဲ့ ပတ်သတ်ပြီး အခုလိုမျိုး ပြောကြားလိုက်ပါတယ်။

“အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘောလုံးက သူ့ကိုလာမှန်တာပါ။ ဆစ်ဆိုကိုက သူ့နေရာမှာပဲ ရပ်နေတာပါ။ အမှန်တကယ် ကြည့်ရင်တော့ ပင်နယ်တီလို့ ထင်ရပါတယ်။ ဒါပေမယ့် သူက မာနေး ဖြတ်တင်တဲ့ ဘောလုံးကို တားဖို့ ဆန္ဒမရှိခဲ့ပါဘူး။ အသင်းဖော်တွေကို နေရာလွတ်တွေမှာ သွားဖြည့်ဖို့အတွက် ညွှန်ပြလိုက်တာပါ”လို့ ရီလေက ပြောပါတယ်။

“သူ (ဆစ်ဆိုကို) အနေနဲ့ အသင်းဖော်တွေကို နေရာလွတ်တွေ မရှိအောင် သွားဖြည့်ဖို့ ညွှန်ပြနေချိန်မှာ လက်မြှောက်လိုက်တာပါ။ အဲ့တာကြောင့် လက်နဲ့ ထိသွားခဲ့တာပါ။ အဲ့တာကို ပင်နယ်တီ သတ်မှတ် မပေးသင့်ပါဘူး”လို့ ရီလေက ပြောပါတယ်။

ကွင်းလယ်ဒိုင် အကြီးအကဲ ရီလေကတော့ လာမယ့် ပရီးမီးယားလိဂ် ရာသီမှာလည်း ဥပဒေအရ လက်ထိဘောကို သက်ညှာပေးလိမ့်မယ်လို့ ထင်ပါတယ်။

“လာမယ့် ပရီးမီးယားလိဂ် ရာသီသစ်မှာ VAR ကို စတင် အသုံးပြုတော့မှာပါ။ ဒါကို ကောင်းကောင်း အသုံးချမယ့်သူတွေ ရှိနေပါတယ်။ အဲ့တာကို ကျွန်တော်တို့ ဥပဒေအရ ကာကွယ်ပေးဖို့လည်း လိုပါတယ်”လို့ သူက ဆိုပါတယ်။

ပရီးမီးယားလိဂ် စည်းမျည်းသစ်မှာတော့ ကစားသမား တစ်ဦးအနေနဲ့ လက်တွေကို ခန္ဓာကိုယ် ဟန်ချက်ညီမျှဖို့ အတွက်သာ သုံးမယ်ဆိုရင် ပင်နယ်တီအဖြစ် သတ်မှတ်ပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

“VAR ကိုအခြား ပြိုင်ပွဲတွေမှာလည်း အောင်မြင်အောင် အကောင်အထည် ဖော်နိုင်မယ်လို့ ထင်ပါတယ်။ ပြီးတော့ VAR ကို ဒိုင်တွေ တစ်ဖက်တစ်လမ်းကနေ အကူအညီရအောင် ထည့်သွင်းတာပါ။ အချို့သော အမှားတွေ အတွက်ပေါ့။ ဒိုင်တွေအနေနဲ့လည်း ကောင်းကောင်း အသုံးချတတ်ဖို့ လိုပါတယ်။ ဒါမှ အကျိုးသက်ရောက်မှု ရှိမှာပါ။ မဟုတ်ရင်တော့ ဆိုးကျိုး များပါလိမ့်မယ်”လို့ ရီလေက ပြောကြားခဲ့ပါတယ်။

#လီဗာပူး #စပါး #ဆစ်ဆိုကို