ရှေ့သို့
Image

လဲကျတိုင်း ပြန်ထနိုင်ခဲ့သူတစ်ယောက်အကြောင်း

2:23 PM, 8 July

မီဂန်ရာပီနိုးဟာ ကွင်းတွင်းစွမ်းဆောင်ရည်ထက် ကွင်းပြင်ပသူရဲ့အရေးပါမှုတွေကြောင့် ပိုမိုလူသိများသူဖြစ်ပါတယ်။ သူဟာ အသားအရောင်ခွဲခြားခံရသူတွေ သာတူညီမျှအခွင့်အရေးဆုံးရှုံးနေရခြင်းအပေါ် ဦးဆောင်ကန့်ကွက်ခြင်း၊ LGBTQ အခွင့်အရေးရရှိရေးအတွက် ဦးဆောင်လှုပ်ရှားသူ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့နိုင်ငံရေးမူဝါဒတွေကို လူသိရှင်ကြားဆန့်ကျင်သူအဖြစ် ထင်ရှားကျော်ကြားသူဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာတော့ သူဟာ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ရာပီနိုးဟာ နယ်သာလန်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ဗိုလ်လုပွဲမှာ ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အသင်းဖော် အဲလက်စ်မော်ဂန်၊ အင်္ဂလန်အသင်းတိုက်စစ်မှူး အယ်လန်ဝှိုက်တို့နဲ့အတူ သွင်းဂိုး ၆ဂိုးစီနဲ့ ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပါတယ်။ သူဟာ ဂိုးဖန်တီးမှုမှာလည်း မော်ဂန်နဲ့ ၃ကြိမ်စီတူညီနေလို့ တတိယမြောက်အဆုံးအဖြတ်အဖြစ် ပွဲကစားချိန်နဲ့ ဂိုးသွင်းဘုရင်ကို ရွေးထုတ်ခဲ့ရပါတယ်။ အဲဒီမှာတော့ ရာပီနိုးက မော်ဂန်ထက် ပွဲကစားချိန်ပိုနည်းခဲ့လို့ ဂိုးသွင်းဘုရင်ဆု (ရွှေဖိနပ်ဆု)ပါရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရာပီနိုးတစ်ယောက် ဒီလိုအဆင့်မျိုးမှာ ပြန်လည်ကစားနိုင်လိမ့်မယ်လို့ ထင်မှတ်ခဲ့သူမရှိသလောက်ရှားပါးခဲ့ပါတယ်။ သူဟာ ၂၀၁၅ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့နောက်ဆုံးပွဲအဖြစ် ဂျပန်ကို အနိုင်ရခဲ့တဲ့ဗိုလ်လုပွဲမှာ တတိယအကြိမ်မြောက်အဖြစ် ဒူးအရွတ်ကြောစုတ်ပြဲတဲ့ဒဏ်ရာရရှိခဲ့ပါတယ်။ သူဟာ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ ဒဏ်ရာကနေ လျင်မြန်စွာပြန်လည်သက်သာလာပေမယ့် လုံလောက်တဲ့ကြံ့ခိုင်မှုတော့ မရရှိခဲ့ပါဘူး။ သူဟာ ဆွီဒင်နဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပွဲချိန် ၇၂မိနစ်အရောက် လူစားဝင်ကစားခဲ့ပေမယ့် အချိန်ပိုမှာတော့ ပြန်လည်လူစားလဲခံခဲ့ရပါတယ်။ ဒူးအရွတ်ကြောစုတ်ပြဲဒဏ်ရာက ဘယ်အသက်အရွယ်မှာမဆို ကစားသမားတွေကို လုံးဝအနားယူစေနိုင်တဲ့အထိ ကြောက်စရာကောင်းတဲ့ဒဏ်ရာဖြစ်ပြီး ဒဏ်ရာကနေ အလျင်စလိုပြန်ကစားလိုရင်လည်း ပိုဆိုးနိုင်ပါတယ်။ အသက် ၃၁နှစ်အရွယ်မှာ ဒီလိုဒဏ်ရာမျိုး တတိယအကြိမ်မြောက်ရရှိခဲ့တဲ့ ရာပီနိုးလည်း အမေရိကန်အသင်းရဲ့အရေးပါတဲ့ကစားသမားဘ၀ အဆုံးသတ်သွားပြီလို့ အားလုံးထင်မှတ်ခဲ့ကြပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်အတွင်း လက်ရွေးစင်အသင်းအတွက် တစ်ဂိုးမှမသွင်းယူနိုင်ခဲ့သလို အမျိုးသမီးနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲမှာလည်း စုစုပေါင်း ၂၀၅ မိနစ်ပဲ ကစားခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရာပီနိုးဟာ သူ့နည်းပြတွေဖြစ်တဲ့ ဂျီးလ်အယ်လစ်နဲ့ လော်ရာဟာဗေးတို့ကလွဲလို့ အားလုံးကို အံ့အားသင့်စေခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ မထင်မှတ်လောက်အောင် ပြန်လာနိုင်ခဲ့ပါတယ်။ သူဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ အကောင်းဆုံးရာသီအဖြစ် ၁၂ဂိုးသွင်းယူနိုင်ခဲ့သလို ဂျပန်၊ ဘရာဇီးတို့နဲ့ကစားခဲ့တဲ့ပွဲတွေမှာလည်း အမေရိကန်အတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ရာပီနိုးဟာ ကြံ့ခိုင်ပိုင်းတိုးတက်လာရုံတင်မဟုတ်ဘဲ အဆုံးသတ်ပိုင်းပါ တိုးတက်လာပါတယ်။ အခုတော့ အသက် ၃၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာပီနိုးဟာ ကစားသမားဘ၀ ခြေစွမ်းအကောင်းဆုံးအချိန်ကို ရောက်နေပြီး ရာပီနိုးကို ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲက မွေးထုတ်အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။ #အမျိုးသမီးကမ္ဘာ့ဖလား