ရှေ့သို့
Image

ဘရာဇီး ၃ - ၁ ပီရူး: အဲဗာတန် ၊ ဂျီးဆပ်စ်တို့ရဲ့သွင်းဂိုးတွေနဲ့ ပီရူးကို အနိုင်ယူပြီး ကိုပါဖလား ရရှိခဲ့တဲ့ ဘရာဇီး

9:33 AM, 8 July

အိမ်ရှင် ဘရာဇီးကတော့ ကိုပါအမေရိက ဖိုင်နယ်ပွဲစဉ်မှာ ပီရူးအသင်းကို အဲဗာတန် ၊ ဂျီးဆပ်စ် ၊ ရစ်ချာလီဆင် တို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိပြီး ဆုဖလားကို ရရှိခဲ့ပါတယ်။

နည်းပြ တီတီရဲ့ ဘရာဇီးဟာ အုပ်စုပွဲစဉ်မှာလည်း ပီရူးအသင်းကို ၅-၀ ဂိုးနဲ့အနိုင် ရရှိထားခဲ့ကာ အခု ဗိုလ်လုပွဲမှာလည်း သက်တောင့်သက်သာနဲ့ ထပ်မံ အနိုင်ယူနိုင်ခဲ့ပါတယ်။

ဘရာဇီးအသင်းကတော့ အဆိုပါ ဆုဖလားနဲ့ ၁၂ ကြာ ဝေးကွာနေခဲ့ရပြီး အခု အိမ်ရှင်အဖြစ် ကျင်းပတဲ့ ပြိုင်ပွဲမှာမှ ပြန်လည် ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

ပီရူးအသင်းကတော့ ပွဲအစပိုင်းမှာ အကောင်းဆုံး ပုံစံတစ်ရပ်နဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ပွဲကစားချိန် ၁၅ မိနစ် အဲဗာတန် ဂိုးသွင်းယူ အပြီးမှာတော့ ကစားပုံ ကျဆင်းလာခဲ့ပါတယ်။

အဆိုပါ သွင်းဂိုးကိုတော့ တောင်ပံ ကစားသမား ဂျီးဆပ်စ်က ဖန်တီးပေးနိုင်ခဲ့ကာ အဲဗာတန်က ပွဲကစားချိန် ၁၅ မိနစ်မှာ အဖွင့်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

ပီရူးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၄၄ မိနစ်မှာ တိုက်စစ်မှူး ဂွာရဲယိုးက ပင်နယ်တီကနေ တစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။

ဘရာဇီးအတွက် ဒုတိယမြောက် သွင်းဂိုးကိုတော့ ပထမပိုင်း အချိန်ပို ၃ မိနစ်မှာ တောင်ပံ ကစားသမား ဂျီးဆပ်စ်က သွင်းယူပေးခဲ့ပါတယ်။

ပွဲကစားချိန် မိနစ် ၃၀ မှာ ကစားပုံ ကြမ်းတမ်းခဲ့တဲ့ တောင်ပံ ကစားသမား ဂျီးဆပ်စ် အ၀ါကတ်ပြသ သတိပေးခံခဲ့ရပြီး ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၇၀ အရောက်မှာတော့ ကစားပုံ ထပ်မံ ကြမ်းတမ်းခဲ့လို့ ၂ ၀ါ ၁ နီနဲ့ အထုတ်ပယ်ခံခဲ့ရပါတယ်။

တစ်ယောက်လျော့သွားပေမယ့်လည်း အိမ်ရှင် ဘရာဇီးအသင်းဟာ ဦးဆောင်ဂိုးကို ထိန်းသိမ်းနိုင်ခဲ့ပြီး ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။

ကွင်းလယ်ကစားသမား ဖလော်ရက်စ်ရဲ့ ပွဲကစားချိန် ၇၃ မိနစ်က ကန်ချက် ဂိုးတိုင်ဘေးကပ် ထွက်ခဲ့လို့ ပီရူး အသင်းအတွက် နစ်နာခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အိမ်ရှင်ဘရာဇီးအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကိုတော့ ပွဲကစားချိန် ၈၈ မိနစ်မှာ အဲဗာတန်ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို တိုက်စစ်မှူး ဖာမီနို အစားဝင်လာတဲ့  ရစ်ချာလီဆင်က အဆုံးသတ်ခဲ့ကာ ကိုပါအမေရိကဖလားကို အရ ယူနိုင်ခဲ့ပါတယ်။

#ပီရူး #ဂျီးဆပ်စ် #ကိုပါအမေရိက