ရှေ့သို့
Image

အမေရိကန်အသင်းကို သမ္မတထရမ့် ဂုဏ်ပြုခဲ့ပေမယ့် အမျိုးသမီးလက်ရွေးစင်အသင်း အိမ်ဖြူတော်လည်ပတ်ဖို့ မသေချာ

8:39 AM, 8 July

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားတဲ့ အမျိုးသမီးလက်ရွေးစင်အသင်းကို တွစ်တာကနေ ချီးကျူးဂုဏ်ပြုခဲ့ပေမယ့် အမေရိကန်အသင်း အိမ်ဖြူတော်ကို လာရောက်လည်ပတ်ရေးက မသေမချာဖြစ်နေပါတယ်။ အမေရိကန်ဟာ ဒုတိယပိုင်းမှာ ရာပီနိုးနဲ့ လာဗယ်လီတို့ရဲ့သွင်းဂိုးတွေကြောင့် နယ်သာလန်ကို ၂-၀ ဂိုးနဲ့အနိုင်ယူကာ ချန်ပီယံသရဖူကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီပွဲပြီးနောက် သိပ်မကြာခင် ထရမ့်က ''ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့လို့ အမေရိကန်အမျိုးသမီးအသင်းကို ချီးကျူးဂုဏ်ပြုပါတယ်။ ကြီးကျယ်ပြီးစိတ်လှုပ်ရှားတဲ့ကစားပုံနဲ့ ကစားနိုင်ခဲ့ပါတယ်။ အမေရိကက ဒီအောင်မြင်မှုအတွက် ဂုဏ်ယူမိပါတယ်''လို့ ရေးသားခဲ့ပါတယ်။ တရမ့်ဟာ ပြင်သစ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလတစ်လျှောက် တွစ်တာမှာ အမေရိကန်အသင်းတိုက်စစ်မှူး ရာပီနိုးနဲ့ အပြန်အလှန်အငြင်းပွားခဲ့ပြီး ရာပီနိုးက အမေရိကန်အသင်းဗိုလ်စွဲနိုင်ခဲ့ရင် အိမ်ဖြူတော်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားမှုကို ငြင်းဆန်မယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ထရမ့်ဟာ သွင်းဂိုးအများဆုံးဆုအတွက် ရွှေဖိနပ်ဆု၊ အကောင်းဆုံးကစားသမားဆုအတွက် ရွှေဘောလုံးဆုတွေ အသီးသီးရရှိခဲ့တဲ့ ရာပီနိုးကို ပွဲမကစားခင် နိုင်ငံတော်သီချင်းလိုက်မဆိုမှုနဲ့ ရင်ဘတ်ပေါ် လက်မတင်မှုတွေအပေါ်လည်း ပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။ အင်္ဂလန်ကို အနိုင်ရခဲ့တဲ့ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် ထရမ့်က ''ရာပီနိုးအနေနဲ့ ကျွန်တော်တို့နိုင်ငံ၊ အိမ်ဖြူတော် ဒါမှမဟုတ် ကျွန်တော်တို့ရဲ့နိုင်ငံအလံကို ဘယ်တော့မှမလေးမစားမပြုလုပ်သင့်ပါဘူး။ အထူးသဖြင့် သူနဲ့သူ့အသင်းကို ဒီနိုင်ငံက အများကြီးလုပ်ပေးထားချိန်မှာပေါ့''လို့ ရေးသားခဲ့ပါတယ်။ တကယ်လို့ အိမ်ဖြူတော်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခံရရင် အမေရိကန်အသင်း လက်သင့်ခံမလားဆိုတာ အခုထိမသေချာသေးပေမယ့် နည်းပြဂျီးလ်အီလစ်ကတော့ အဲဒီလိုကမ်းလှမ်းမှုမျိုးရှိလာမှာမဟုတ်ကြောင်း ဆိုပါတယ်။ ''အခုချိန်အထိလည်း လာရောက်လည်ပတ်ဖို့ မဖိတ်ကြားသေးပါဘူး။ ကျွန်မကိုယ်တိုင်လည်း မထင်ပါဘူး''လို့ အီလစ်က ပြောကြားခဲ့ပါတယ်။ #ဒေါနယ်လ် ထရမ်ပ့် #အမျိုးသမီးကမ္ဘာ့ဖလား