ရှေ့သို့
Image

ယောက်ျားတွေ ဘယ်လိုအောင်ပွဲခံလဲ...ရှင်တို့မြင်တယ်မလား...သူ့အပေါ် ဝေဖန်သူတွေကို လျှာနှစ်ခွသမားတွေအဖြစ် အဲလက်စ်မော်ဂန် ပြန်လည်တုံ့ပြန်

3:29 PM, 6 July

အမေရိကန်အသင်းတိုက်စစ်မှူး အဲလက်စ်မော်ဂန်က ဂိုးသွင်းအပြီးအောင်ပွဲခံပုံနဲ့ပတ်သက်လို့ ဝေဖန်နေသူတွေကို လိုတစ်မျိုး၊ မလိုတစ်မျိုးနဲ့ လျှာနှစ်ခွရှိသူလို့ စွပ်စွဲတိုက်ခိုက်လိုက်ပြီး အမျိုးသားတွေ ခန္ဓာကိုယ်အောက်ပိုင်းကိုအသားပေးပုံစံနဲ့အောင်ပွဲချိန်တုန်းက သူ့ရဲ့လက်ဘက်ရည်သောက်တဲ့ပုံစံအောင်ပွဲခံမှုလောက် ဝေဖန်မခံရတဲ့အကြောင်းရင်းကို ခေါင်းခြောက်မတတ်စဉ်းစားလည်း အဖြေမထွက်ကြောင်း ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ အမေရိကန်အသင်းခေါင်းဆောင် မော်ဂန်ဟာ အမျိုးသမီးကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အင်္ဂလန်ကို ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လက်ဘက်ရည်သောက်တဲ့ပုံစံမျိုး အောင်ပွဲခံခဲ့ရာ အင်္ဂလိပ်တို့ရဲ့ပေါ်ပြူလာအဖြစ်ဆုံးအရာကို လှောင်ပြောင်မှုအဖြစ် စွပ်စွဲခံနေရသလို ကိုလိုနီတွေရဲ့လက်ချက်ကြောင့် သင်္ဘောပေါ်ကနေ လက်ဘက်ရည်ကုန်ပစ္စည်းတွေ ပင်လယ်ထဲ ကျသွားခဲ့ပြီးနောက် အဲဒီဖြစ်ရပ်က ဘော်စတွန်လက်ဘက်ရည်ပါတီအဖြစ် နာမည်ကျော်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးကိုလည်း ပြန်လည်အမှတ်ရစေတယ်လို့ ဆိုပါတယ်။ အင်္ဂလန်လက်ရွေးစင် ဆန်ဒါဆန်က မော်ဂန်ရဲ့အပြုအမူဟာ လေးစားမှုမရှိ၊ မနှစ်မြို့စရာကောင်းတယ်လို့ ပြင်းထန်စွာဝေဖန်ခဲ့ပြီး နာမည်ကြီးရုပ်သံအစီအစဉ်တင်ဆက်သူ ပီးယားစ်မော်ဂန်ကလည်း အဲလက်စ်မော်ဂန်ကို ပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် မော်ဂန်ကတော့ သူ့ရဲ့အောင်ပွဲခံမှုက အင်္ဂလန်နိုင်ငံကို ရည်ရွယ်ခြင်းမဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပြီး ယမန်နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုနဲ့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီတို့ ခန္ဓာကိုယ်အောက်ပိုင်းအသားပေးအောင်ပွဲခံပုံက လိင်ပိုင်းဆိုင်ရာဖြစ်ပေမယ့် သူ့အဖြစ်နဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်တာကို နားမလည်မိကြောင်း ဆိုပါတယ်။ ''ကျွန်မရဲ့အောင်ပွဲခံမှုက တကယ်တော့ အဲဒါတွေထက်ပိုပါတယ်။ အားကစားလောကမှာ ကျွန်မတို့အမျိုးသမီးတွေနဲ့ပတ်သက်လို့ လျှာနှစ်ခွနဲ့လူမျိုးတွေရှိနေပါတယ်။ ရှင်တို့လည်း မြင်နေရတာပဲမဟုတ်လား။ နာမည်ကြီးပြိုင်ပွဲတွေမှာ အမျိုးသားတွေ သူတို့အောက်ပိုင်းကိုင်ပြီး အောင်ပွဲခံတာပဲဖြစ်ဖြစ် တခြားဘာပဲဖြစ်ဖြစ်လေ''လို့ မော်ဂန်က ပြောကြားခဲ့ပါတယ်။ မော်ဂန်ဟာ ၂၀၁၆ ခုနှစ်က ကလပ်အသင်းတစ်သင်းတည်း အတူတွဲကစားခဲ့တဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဆန်ဒါဆန်ရဲ့အမြင်နဲ့ပတ်သက်လို့ ပိုမိုမပျော်မရွှင်ဖြစ်မိကြောင်း ဆိုပါတယ်။ ''ကျွန်မတို့နှစ်ယောက်က အော်လန်ဒိုပရိုက်ဒ်အသင်းမှာ အတူတွဲကစားခဲ့ဖူးလို့ သူ့ရဲ့ဝေဖန်မှုနဲ့ပတ်သက်လို့ နည်းနည်းစိတ်ပျက်မိပါတယ်''လို့ မော်ဂန်က ပြောကြားခဲ့ပါတယ်။ #အမျိုးသမီးကမ္ဘာ့ဖလား