ရှေ့သို့
Image

တူရင်မြေသို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ကြယ်ပွင့် ၁၁ ဦး

7:15 PM, 5 July

စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်အသင်းကတော့ ရမ်ဆေးနဲ့ ရာဘီယော့တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရလိုက်ပြန်ပါပြီ။ တူရင်အင်အားကြီး အသင်းကတော့ အကျိုးအမြတ်တွေ ဘယ်လောက်တောင် ရရှိသွားပြန်ပြီလဲ ဆိုတာတော့ စဉ်းစားချင်စရာပါပဲ။  အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမားတွေ အသင်းကို လာချင်အောင် ဂျူဗီက ကစားသမားကောင်းများစွာကို   စည်းရုံးကာ ပါးပါးနပ်နပ်  ဝယ်၊ ရောင်း လှုပ်ရှားတတ်မှုကြောင့် အသင်းအတွက် များစွာ အကျိုး ဖြစ်ထွန်းခဲ့ပါတယ်။ တူရင်မြေသို့ အလွတ်ဖြင့် ရောက်ရှိလာခဲ့တဲ့ ကြယ်ပွင့် ၁၁ ဦးကို ဖော်ပြပေးလိုက်ပါတယ်။ 


၁။ ဂိုးသမား - နီတို 


ဂျူဗင်ဟာ အသင်းရဲ့ ရုန်းကန်နေရတဲ့ အနေအထားတစ်ရပ်မှာ ဂိုးသမား ဘူဖွန်ရဲ့ အရန် ဂိုးသမားအဖြစ် ဘရာဇီးသား ဂိုးသမား နီတိုကို အသင်းသို့  အလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့ပါတယ်။  နီတိုဟာ တူရင်မြေက ဖလားပြိုင်ပွဲတွေမှာ ပွဲ ၂၀ ကျော် ပွဲထွက် ကစားခွင့်ရခဲ့ပြီး ၂၀၁၆၊ ၂၀၁၇ နှစ်ရာသီလုံး လိဂ်ဖလားနှင့် ကိုပါအီတာလီယာ ဖလားကို ၂ နှစ်ဆက် အသင်းနဲ့အတူ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တွင် နီတိုက ပထမဆုံး နိုင်ငံတကာ ဖလားကိုလည်းပဲ ရရှိခဲ့ပါသေးတယ်။ နီတိုဟာ လက်ရှိမှာတော့ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။


၂။ ဒန်နီ အဲဗက်စ်


နောက်ထပ် ဘရာဇီးသားတစ်ဦး ဖြစ်တဲ့ ညာနောက်ခံလူ ဒန်နီ အဲဗက်စ်ကိုလဲ ကြားဖူးနေကြမှာပါ။ 

ဘာစီလိုနာအသင်းက ၂၀၁၆ ခုနှစ်မှာ အဲဗက်ကို လူပိုတစ်ယောက်လို့ သတ်မှတ်ကာ စာချုပ်သက်တမ်း မတိုးပဲ  ဂျူဗင်သို့ အလွတ်ဖြင့် ထွက်ခွာခွင့် ပေးခဲ့ပါတယ်။ သို့သော် အဲဗက်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွင် ဂျူဗီနှင့်အတူ ပွဲချိန်ပြည့် ကစားပြီး ဘာစီလိုနာ အသင်းကို ၃ ဂိုးပြတ် အနိုင်ရရှိကာ အသင်းဟောင်းကို လက်စားချေနိုင်ခဲ့ပါတယ်။ အဲဗက်က တူရင်မြေမှာ ၁ ရာသီ ကုန်ဆုံးခဲ့ပြီး ပီအက်စ်ဂျီသို့ မပြောင်းရွှေ့မီ ဂျူဗီနှင့် လိဂ်ဖလား၊ ကိုပါအီတာလီယာ ဖလား ၂ လုံး ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ် ပွဲစဉ်မှာလည်း ပွဲထွက် ကစားခွင့် ရခဲ့ပါသေးတယ်။ 


၃။ ဗဟိုနောက်ခံလူ - ကနဗားရိုး 


ဗဟိုနောက်ခံလူအဖြစ် ပရိသတ်တွေ အမှတ်ရနေမယ့် သူကတော့ ၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံ ကနဗားရိုးပဲ ဖြစ်ပါတယ်။ အဆိုပါ နောက်ခံလူဟာ ဂျူဗီနဲ့အတူ ၂၀၀၄ မှ ၂၀၀၆  နှစ်ရာသီ ကစားခဲ့ပြီး နောက်တွင် ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့သွားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ ရီးရဲလ်အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်သွားခဲ့ပြီး အသင်းဟောင်း တူရင်မြေကို ပြန်လည် အခြေချခဲ့ပါတယ်။ ဂျူဗီတွင် အကောင်းဆုံး ခြေစွမ်းတွေနဲ့ အသင်းကို ကူညီခဲ့ပါတယ်။ ကနဗားရိုးအတွက် ဥရောပ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဖူဟမ် အသင်းကို ရှုံးနိမ့်ခဲ့တဲ့  ယူရိုပါလိဂ် ပွဲစဉ်မှာတော့ ပထမပိုင်း ပြီးဆုံးခါနီးတွင် ထုတ်ပယ် ခံခဲ့ရပါတယ်။ လူအချို့ကတော့ ကနဗားရိုးကို ဘောလုံးဂန္တဝင် လူစီယိုလို့လဲ တင့်စား ခေါ်ဝေါ် ကြပါသေးတယ်။ 


၎။ ဗဟိုနောက်ခံလူ - အိုလော့ဖ် မယ်ဘက်ဂ်ျ


ဗဟိုနောက်ခံလူ နောက်တစ်ဦးကတော့ အိုလော့ဖ် မယ်ဘက်ဂ်ျ ပဲဖြစ်ပါတယ်။ မယ်ဘက်ဂ်ျက အက်စတွန်ဗီလာတွင် ခြေစွမ်းပြနေခဲ့ပြီး အသင်းတိုင်းလိုလို ခေါ်ယူလိုနေကြတာ ဖြစ်ပါတယ်။ အဆိုပါ ကစားသမားက ဂျူဗင်တပ်က သူပြောင်းရွှေ့လိုတဲ့ အသင်းတော့ မဟုတ်ခဲ့ဘူးလို့ ဝန်ခံခဲ့ပေမယ့်၂၀၀၈ ခုနှစ်တွင်တော့ တူရင်မြေသို့ အလွတ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပါတယ်။  ဆွီဒင်သားနောက်ခံလူဟာ ဗီလာအသင်းနဲ့ ပွဲပေါင်း ၂၅၀ ပွဲထွက် ကစားခွင့်ရခဲ့ပြီး ချန်ပီယံလိဂ်အုပ်စု အဆင့်တွင့် ရီးရဲလ်အသင်းနဲ့ ၂ ကြိမ်တိုင် ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင် ကစားခဲ့ဖူးတာ ဖြစ်ပါတယ်။ မယ်ဘက်ဂ်ျဟာ စွယ်စုံရ ကစားသမား တစ်ဦးဖြစ်ပြီး တစ်ခါတစ်ရံ ညာနောက်ခံလူ ဇက်ဒီနက်ခ် ဂိုင်ဂျီယာ နေရာတွင်ပါ ကစား ပေးခဲ့ပါတယ်။  


၅။ ဘယ်နောက်ခံလူ ဖီဒီရီကို ဘယ်ဇာရတ်တီ 


မိသားစု ပြဿနာတွေကြောင့်  ဘယ်ဇာရတ်တီအတွက် တူရင်မြေကိုလာဖို့ အခတ်အခဲတွေ ရင်ဆိုင်ခဲ့ရပြီး မလာချင်ခဲ့ပါဘူး။ သို့သော်လည်း ၂၀၀၅ ခုနှစ်တွင်တော့ ကစားသမား ဘဝအစပြုရာ တိုရီနိုအသင်းမှ ဂျူဗီသို့ ရောက်ရှိလာခဲ့ပါတယ်။ တူရင်မြေသို့ ဘယ်ဇာရတ်တီ ရောက်ရှိလာချိန်တုန်းက ၎င်းရဲ့ ခြေစွမ်းပိုင်း ကျော်ကြားမှုက ပရိသတ်တွေအတွက် အံအားသင့်စရာတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် အဆိုပါ နောက်ခံလူ ရောက်ရှိလာပြီး နောက်တွင်တော့ ၎င်းက အသင်းအတွက် အကျိုးရှိစေခဲ့တဲ့ စာချုပ် ချုပ်ဆိုမှု ဖြစ်ခဲ့ကြောင်း အသင်းပြောင်းချိန်အထိ သက်သေ ပြသွားခဲ့ပါတယ်။ ဘယ်ဇာရတ်တီရဲ့ ပထမရာသီမှာပဲ အသင်းနဲ့အတူ လိဂ်ဖလားကို ရရှိခဲ့ပါတယ်။ ဒုတိယရာသီမှာတော့ ဂျူဗီက စီးရီးဘီသို့ တန်းဆင်း သွားခဲ့ပါတယ်။ ဘယ်ဇာရတ်တီက ဖီအိုရင်းတီးနား၊ ပယ်လာမို အသင်းတွေဆီသို့ မပြောင်းရွှေ့မီ ဂျူဗီကို စီးရီးအေသို့ ပြန်လည် တန်းတက်နိုင်အောင် ကူညီ ကစားပေးခဲ့ပါသေးတယ်။ 


၆။ ကွင်းလယ်ကစားသမား - အန်ဒရီယာ ပီယာလို 


အေစီမီလန်အသင်းအတွက် နောင်တအရဆုံး အရာတစ်ခုကတော့ အသက် ၃၂ အရွယ်ရှိပြီ ဖြစ်တာကြောင့်  ၂၀၁၁ ခုနှစ်တွင် အသင်းရဲ့ ကွင်းလယ်လူ ပီယာလိုကို ဂျူဗီသို့ အလွတ်ဖြင့် ထွက်ခွာခွင့် ပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ပီယာလိုဟာ ကစားသမားဘဝကို တူရင်မြေမှာ အချိန်အကြာကြီး ကုန်ဆုံးခဲ့ပြီး ၊ ရာသီတိုင်းမှာ လိဂ်ဖလား ကိုင်မြှောက်ကာ အောင်ပန်း ဆင်နိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တွင် ဂျူဗီအသင်းဟာ ချန်ပီယံလိဂ် ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ပီယာလိုဟာ နိုင်ငံအသင်းကိုလည်းပဲ ဦးဆောင်ကာ ယူရို ၂၀၁၂ ဖိုင်နယ်သို့ပို့ဆောင်ပေးခဲ့ပြီး အသက် ၃၅ အရွယ်တွင်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရာ ဘရာဇီးမြေသို့ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပါသေးတယ်။ 


၇။ ကွင်းလယ်ကစားသမား - အမ်မရီ ချန်


ယခုရာသီဟာ ဂျာမနီ ကွင်းလယ်ကစားသမား အမ်မရီချန်အတွက်တော့ ဂျူဗီနဲ့ ပထမဆုံး ရာသီတော့ မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ - ၂၀၁၉ ရာသီက ကန်က ဂျူဗီနဲ့ တစ်ရာသီ ကစားခဲ့ပြီး ဖြစ်ပြီး လိဂ်ဖလားကို ဆွတ်ခူးခဲ့ပြီး ဖြစ်ပါတယ်။ လီဗာပူး နဲ့ လေဗာကူဆင် ကစားသမားဟောင်း ကန်ဟာ ဇန်နဝါရီလတုန်းက အသင်းအတွက် ပထမဆုံး သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကိုတော့ ဆက်ဆူအိုလိုနှင့် ပွဲစဉ်တွင် သွင်းယူပေးခဲ့ပါတယ်။ ကန်ဟာ အီတလီ ထိပ်သီးကလပ် ဂျူဗီရဲ့ ကွင်းလယ်မှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ ချန်က ၎င်းရဲ့ ပထမရာသီမှာပင် ၂၉ ပွဲကစား ၄ ဂိုး သွင်းယူခဲ့ပြီး ၂၀၀၆ - ၂၀၀၇ ရာသီတွင် ဂျူဗီကို တန်းတက်အောင် ကူညီပေးခဲ့တဲ့ ကစားသမားဟောင်း ခရစ်စတီယာနို ဇာနတ်တီရဲ့ ၆၃ ပွဲကစား ၄ ဂိုးသွင်း စံချိန်ကို ချိုးဖျက် သွားခဲ့ပါတယ်။ 


၈။ ကွင်းလယ်ကစားသမား - ဆာမီ ခီဒီယာ


ဂျူဗီသို့ အလွတ်ဖြင့် ရောက်ရှိလာမယ်လို့ ဘယ်လိုမှ ထင်မှတ် မထားလောက်တဲ့ ကွင်းလယ် ကစားသမား တစ်ဦး ရှိပါသေးတယ်။ သူကတော့ ဂျာမန်သား ဆာမီ ခီဒီယာပဲ ဖြစ်ပါတယ်။ ခီဒီယာဟာ ၂၀၁၄ ခုနှစ် ချန်ပီယံလိဂ်ဖလားကို ရီးရဲလ်မက်ဒရစ်နှင့်အတူ ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ဂျူဗီသို့ အလွတ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပါတယ်။ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ဂျူဗီနှင့်အတူ ရာသီတိုင်း စီးရီးအေ ဖလားတွေ ကိုင်မြှောက်နိုင်ခဲ့ကာ ၎င်းရဲ့ စတုဂတ်တွင် ကစားခဲ့တဲ့ နေ့ရက်တွေကို ပြန်လည် အမှတ်ရ စေခဲ့ပါတယ်။ 


၉။ ကွင်းလယ်ကစားသမား - ပေါလ် ပေါ့ပ်ဘာ 


အေစီမီလန်အသင်းက ပီယာလိုကို အလွတ်ဖြင့် ထွက်ခွာခွင့်ပြုခဲ့တဲ့ အမှားမျိုး ကျူးလွန်ခဲ့သလို မန်ယူ အသင်း ကလည်း တူညီတဲ့ အမှားမျိုး ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တွင် ပေါ့ပ်ဘာဟာ နည်းပြ ဘိုင်ယန်ကွန်နရီ ကိုင်တွယ်တဲ့ ဂျူဗီသို့ အလွတ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပေါင် ၈၉ သန်းဖြင့် မန်ယူက ပြန်ဝယ်ခဲ့ရတာ ဖြစ်ပါတယ်။ ပြင်သစ်သားဟာ ဂျူဗီတွင် ၄ ရာသီ ကစားခဲ့ပြီး လိဂ်ဖလား ၄ လုံးနှင့် စီးရီးအေ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ၃ ကြိမ် ပါဝင်ခဲ့ပါတယ်။ ယူအီးအက်ဖ်အေ အကောင်းဆုံး အသင်းတွင် တစ်ကြိမ် ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ် FIFPro ကမ္ဘာ့အကောင်းဆုံး အသင်းတွင် တစ်ကြိမ် ပါဝင်ခဲ့ပါတယ်။ ပေါ့ပ်ဘာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်တွင် ခေါ်ယူမယ့် အသင်းအတွက်တော့ အကျိုးရှိစေမှာ အမှန်ပါပဲ ။


၁၀။ တိုက်စစ်မှူး - လူကာ တိုနီ 


တိုက်စစ်မှူးတိုနီက ဂျူဗီနဲ့အတူ တစ်ရာသီပဲ ကစားခဲ့ပေမယ့် တူရင်မြေမှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်လည်း ဂျူဗီတို့ရဲ့ ကွင်းသစ်ကြီးမှာ နော့တ်ကောင်တီ အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်တွင် ပထမဆုံး ဂိုးသွင်းသူ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်တွင် လီဟု့ဂ်က ချေပဂိုး ပြန်လည် သွင်းယူခဲ့ပြီး ၁ - ၁ ဂိုး သရေ ကျခဲ့ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံ တိုနီဟာ ဂျူဗီနဲ့အတူ တစ်ရာသီသာ ကုန်ဆုံးခဲ့ပေမယ့် အသင်းဟောင်း ဂျီနိုအာနဲ့ ပွဲစဉ်မှာလည်း နောက်ကျ အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ဂျူဗင်တပ်အသင်း သမိုင်းကြောင်းတွင် တိုနီရဲ့ နာမည်က စွဲထင် ကျန်ရစ် စေခဲ့ ပါတယ်။ 


၁၁။ တိုက်စစ်မှူး - ဖာနန်ဒို လော်ရန်တေး 


ဂျူဗီသို့ အလွတ်ဖြင့် ပြောင်းရွှေ့လာခဲ့တဲ့ ကြယ်ပွင့် ၁၁ ဦးထဲတွင် စပိန် တိုက်စစ်မှူးဟောင်း လော်ရန်တေးကတော့ ကင်းစလေ ကိုမန်းကို ကျော်လွန်ပြီး ၁၁ ယောက်မြောက် ကစားသမား အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ယခုလက်ရှိ စပါးအသင်းမှာ ကစားနေတဲ့ အဆိုပါ တိုက်စစ်မှူးဟာ အက်သလက်တီကိုကနေ ဂျူဗီသို့ ပြောင်းရွှေ့လာစဉ်က အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိသေးပြီး ၎င်းရဲ့ ခန့်ညားပြီး ရင့်ကျက်တဲ့ ရုပ်ရည်နဲ့ အမူအရာတွေကြောင့် အသက် ၃၀၊ ၃၃ ဝန်းကျင်ခန့် ထင်ရပါတယ်။ လော်ရန်တေးဟာ တူရင်မြေမှာ အကောင်းခြေစွမ်းပြ ကစားခဲ့ပြီး ၂ ရာသီတွင် အသင်းအတွက် သွင်းဂိုး ၂၇ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တွင် ဂျူဗင်နဲ့အတူ ချန်ပီယံလိဂ် ဖိုင်နယ်အထိ ရောက်ရှိခဲ့ပြီး ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

#အမ်မရီချန် #လော်ရန်တေး # ပီယာလို