ရှေ့သို့
Image

မော်ဂန်ဦးဆောင်တဲ့ အမေရိကန်ကို ရှော့ခ်ဖြစ်စေနိုင်စွမ်းအပြည့်ရှိတယ်လို့ နယ်သာလန်ကွင်းလယ်လူ ကြုံးဝါး

1:09 PM, 4 July

နယ်သာလန်အသင်းကွင်းလယ်လူ ဒန်နီရယ်လီဗန်ဒီဒန့်က တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ မိမိတို့အသင်းအနေနဲ့ လက်ရှိချန်ပီယံအမေရိကန်အသင်းကို အံ့အားသင့်ထိတ်လန့်တုန်လှုပ်စေနိုင်စွမ်းအပြည့်ရှိကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

ဥရောပချန်ပီယံ နယ်သာလန်အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဆွီဒင်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဗန်ဒီဒန့်က အင်္ဂလန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်လာတဲ့အမေရိကန်အသင်းနဲ့ပွဲမှာ အောက်အသင်းအဖြစ် ကစားရမှာကို စိတ်လှုပ်ရှားမိကြောင်း ဆိုပါတယ်။

အမေရိကန်အသင်းခေါင်းဆောင် အဲလက်စ်မော်ဂန်ဟာ အင်္ဂလန်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် လက်ဘက်ရည်တစ်ငုံချင်းစုပ်သောက်တဲ့ပုံစံမျိုး အောင်ပွဲခံခဲ့ပြီး ဗိုလ်လုပွဲမှာ လက်ရှိဒီနှစ်ပြိုင်ပွဲရဲ့ဂိုးသွင်း
ဘုရင်ဖြစ်နေတဲ့ မော်ဂန်ကို ထိန်းချုပ်နိုင်ရေးနဲ့ပတ်သက်လို့လည်း ဗန်ဒီဒန့်က ပြောကြားခဲ့ပါတယ်။

''ကျွန်မတို့ အသင်းနဲ့ပွဲမှာ မော်ဂန်ဂိုးသွင်းနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ အောက်အသင်းဖြစ်နေတာက ကျွန်မတို့အတွက် အကောင်းဆုံးပါ။ ဒီအချက်ကို အကောင်းဆုံးအသုံးချနိုင်လိမ့်မယ်လို့လည်း ယုံကြည်ထားပါတယ်''လို့ ဗန်ဒီဒန့်က ပြောပါတယ်။

နယ်သာလန်အသင်းဟာ ယူရို ၂၀၁၇ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲထားပေမယ့် လက်ရှိကမ္ဘာ့အဆင့် ၁လည်းဖြစ်၊ ကမ္ဘာ့ဖလားနောက်ဆုံး ၃ကြိမ်ဆက် ဗိုလ်လုပွဲတက်ရောက်ထားတဲ့ လက်ရှိချန်ပီယံ အမေရိကန်အသင်းနဲ့ပွဲမှာ အောက်အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းကွင်းလယ်လူ ဗန်ဒီဒန့်ကတော့ ပြိုင်ဘက်အသင်းကို ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း ဆိုပါတယ်။

#ဖီဖာ #ဆွီဒင်