ရှေ့သို့
Image

ဘရာဇီးလ် ၂ - ၀ အာဂျင်တီးနား ဂျီးဆပ်စ် ၊ ဖာမီနိုတို့ရဲ့သွင်းဂိုးတွေနဲ့ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ဘရာဇီးလ်

9:52 AM, 3 July

အိမ်ရှင်ဘရာဇီးလ်အသင်းကတော့ ကိုပါအမေရိကဆီမီးဖိုင်နယ်ပွဲစဉ်မှာ တိုက်စစ်မှူး ဂျီးဆပ်စ် ၊ ဖာမီနိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပွဲစတင်ပြီဆိုတာနဲ့ ၂သင်းစလုံးက ဖိုင်နယ်ကိုတက်ရောက်နိုင်ရေးအတွက် ကြိုးစားကစားခဲ့ကြတာကို မြင်တွေ့ခဲ့ရပြီး ပွဲကစားချိန် ၁၂ မိနစ်မှာ အာဂျင်တီးနားကွင်းလယ်ကစားသမား ပါရီဒက်စ်ရဲ့ကန်ချက်အတော်လေးကောင်းပြီး ဂိုးရလုနီးပါး အထိဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲကစားချိန် ၁၉ မိနစ်မှာတော့ ဘရာဇီးလ်အသင်း အတွက်အဖွင့်ဂိုးကို တိုက်စစ်မှူး ဂျီးဆပ်စ်က အဖွင့်ဂိုးကိုစတင်သွင်းယူပေးခဲ့ပါတယ်။

အဆိုပါသွင်းဂိုးရဲ့အဓိကမြစ်ဖျားခံလာတာကတော့ ညာနောက်ခံလူ ဒန်နီရယ် အဲဗက်စ်ဆီကဖြစ်ကာ အာဂျင်တီးနားနောက်တန်း ၂ယောက်လောက်ကို ကျော်ဖြတ်ပြီး တိုက်စစ်မှူး ဖာမီနိုကိုထိုးပေးရာမှာ ဖာမီနိုက ဂိုးရှေ့မှာ နေရာယူထားတဲ့ ဂျီးဆပ်စ်က အဆုံးသတ်ကာ အဖွင့်ဂိုးကိုစတင်သွင်းယူပေးခဲ့ပါတယ်။

ပွဲကစားချိန် ၃၀ မိနစ်မှာ တိုက်စစ်မှူး အဂူရိုရဲ့ခေါင်းတိုက်ချက်ကောင်းခဲ့ပေမယ့် ဂိုးတိုင်ထိထွက်ခဲ့တာကြောင့် အာဂျင်တီးနားအသင်းအတွက်နစ်နာခဲ့ရသလို ပွဲကစားချိန် ၅၀မိနစ်မှာလည်း တိုက်စစ်မှူး မာတီနက်ဇ် အပိုင်အခွင့်အရေးရခဲ့ပေမယ့်လည်း ဂိုးသမား အလီဆင်ကာကွယ်နိုင်ခဲ့ကာ ပွဲကစားချိန် ၅၇ မိနစ်မှာ တိုက်စစ်မှူး မက်ဆီရဲ့ကန်ချက်ဂိုးရလုနီးပါးဖြစ်ခဲ့ပါတယ်။

ပွဲကစားချိန် ၇၁ မိနစ်မှာတော့  ဘရာဇီးလ်အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးရရှိခဲ့ကာ တိုက်စစ်မှူး ၂ဦးဖြစ်တဲ့ ဖာမီနို၊ ဂျီးဆပ်စ်တို့အတွဲကပဲ အတွဲညီညီနဲ့အလုပ်လုပ်သွားခဲ့ပြီး ဂျီးဆပ်စ်က
ဖာမီနိုကိုပြန်လည်ဖန်တီးပေးခဲ့ကာ ဖာမီနိုက အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အိမ်ရှင် ဘရာဇီးလ်အသင်းဟာ အာဂျင်တီးနား အသင်းကို ၂-၀ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ကာ အခြားတစ်ဖက်မှာ ချီလီ ၊ ပီရူးတို့ထဲက အနိုင်ရရှိတဲ့အသင်းနဲ့ ဖိုင်နယ်မှာ တွေ့ဆုံရမှာဖြစ်ပါတယ်။

#ဖာမီနို #ဂျီးဆပ်စ် #ကိုပါအမေရိက