ရှေ့သို့
Image

ယနေ့မှာ ဂျူဗင်တပ်စ်ကစားသမား အဖြစ် ဒီလစ်ဂ်ျကို တွေ့မြင်ရမယ်လို့ဆို

11:45 AM, 1 July

အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ ကစားသမားသစ်အဖြစ် နောက်ခံလူ ဒီလစ်ဂ်ျကို ယနေ့မှာ တရားဝင်ကြေညာထုတ်ပြန်ဖွယ်ရှိနေကြောင်း သိရပါတယ်။

အသက် ၁၉နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် ဒီလစ်ဂ်ျကို ပြီးခဲ့တဲ့လပိုင်းအတွင်း ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ ယူနိုက်တက်တို့က အပြိုင်ကြိုးစားခဲ့ပေမယ့် ဂျူဗင်တပ်စ်က လက်ဦးမှုရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အီတလီသတင်းစာ Tuttosport က တနင်္ဂနွေနေ့ထုတ်သတင်းစာရဲ့မျက်နှာဖုံးမှာ ဂျူဗင်တပ်စ်က အေဂျက်စ်အသင်းခေါင်းဆောင် ဒီလစ်ဂ်ျကို ပေါင်သန်း ၇၀နဲ့ ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ သူတို့ရဲ့တရားဝင်တွစ်တာစာမျက်နှာကနေလည်း ဒီလစ်ဂ်ျရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ အရိပ်အမြွက်ဖြစ်စေမယ့်ပို့စ်တစ်ခုတင်ခဲ့ပြီး ၈ စက္ကန့်ကြာမြင့်တဲ့ ဗီဒီယိုဖိုင်မှာ ကစားသမားသစ်ခေါ်ယူရင် ပြုလုပ်နေကြဒီဇိုင်းအတိုင်း ယနေ့မှာ နောက်ထပ်လာလိမ့်မယ်လို့ ရေးသားခဲ့ပါတယ်။

ဒီလစ်ဂ်ျဟာ ပြီးခဲ့တဲ့ရာသီက အေဂျက်စ်အသင်း ပြည်တွင်းဖလား ၂လုံးချန်ပီယံဖြစ်ခဲ့ခြင်းနဲ့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ရာမှာ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Tuttosport ရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်က သူ့ရဲ့ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၆၀ ကို အရင်ပေးချေရမှာဖြစ်ကာ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုအပေါ်မူတည်ပြီး အပိုဆုကြေးပေါင် ၁၁.၆သန်း ပေးချေဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း ၅နှစ်စာချုပ်အတွက် တစ်နှစ်လုပ်ခ ပေါင် ၁၀.၇၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။

#အီတလီ #စီးရီးအေ #ဒီလစ်ဂ်ျ