ရှေ့သို့
Image

ဝက်စ်ဟမ်းအသင်း နည်းပြ ပယ်လီဂရီနီထက် လစာလျော့နည်းဖွယ် ရှိနေတဲ့ ချဲလ်ဆီး နည်းပြသစ် လမ်းပတ်

4:01 PM, 27 June

ချဲလ်ဆီးအသင်းဟာ နည်းပြသစ်အဖြစ် ကစားသမားဟောင်း လမ်းပတ်ကို ၁၆.၅ သန်း ၃ နှစ် စာချုပ်နဲ့ ခန့်အပ်ဖို့ အဆင်သင့် ဖြစ်နေပေမယ့်လည်း လုပ်ခလစာကတော့ အခြားသော နည်းပြတွေထက် လျော့နည်းဖွယ် ရှိနေပါတယ်။

ချဲလ်ဆီးအသင်းရဲ့နည်းပြသစ်သာ ဖြစ်လာပါက ကွင်းလယ် ကစားသမားဟောင်း လမ်းပတ်ဟာ တစ်ရာသီကို ပေါင် ၅.၅ သန်းသာ ရရှိဖွယ်ရှိနေသလို အခြားတစ်ဖက်မှာလည်း ချဲလ်ဆီး အသင်းနဲ့အတူ အစမ်းသပ်ခံမယ့် ရာသီတစ်ခုကို ဖြတ်သန်းသွားရဖွယ် ရှိနေပါတယ်။

ဝက်စ်ဟမ်းအသင်း နည်းပြ ပယ်လီဂရီနီကတော့ အသင်းနဲ့ တစ်နှစ်လုပ်ခပေါင် ၇ သန်းအထိ ရရှိနေပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

ဆောက်သမ်တန်အသင်း နည်းပြ ဟာဆန်ဟက်တယ်ကတော့ တစ်နှစ် လုပ်ခပေါင် ၆ သန်းနဲ့ အဆင့် ၇ နေရာမှာရပ်တည်နေပြီး အာဆင်နယ်အသင်း နည်းပြ အမ်မရီကလည်း တစ်နှစ်လုပ်ခ ပေါင် ၆ သန်းနဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

ယူနိုက်တက်အသင်း နည်းပြ ဆိုးလ်ရှားကတော့ တစ်နှစ်လုပ်ခ ပေါင် ၇.၅ သန်းနဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေသလို လီဗာပူးအသင်း နည်းပြ ကလော့ကလည်း တစ်နှစ် လုပ်ခပေါင်  ၇.၅ သန်းနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

ဒုတိယ နေရာမှာတော့ စပါးအသင်းနဲ့ ပြီးခဲ့တဲ့ ရာသီကမှ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ နည်းပြ ပိုချက်တီနိုက တစ်နှစ်လုပ်ခပေါင် ၈.၅ သန်းနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းရဲ့နည်းပြ ဂွါဒီယိုလာကတော့ ပရီးမီးယားလိဂ်ရဲ့လုပ်ခလစာ အကောင်းဆုံး နည်းပြအဖြစ် တစ်နှစ်လုပ်ခပေါင် ၂၀ သန်းနဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။

လက်စတာအသင်း နည်းပြ ရော်ဂျာကတော့ တစ်နှစ်လုပ်ခ ပေါင် ၅ သန်း ၊ ဘုန်းမောက်အသင်း နည်းပြ အက်ဒီဟိုဝီကတော့ တစ်နှစ်လုပ်ခပေါင် ၄ သန်း ၊ ဘန်လေအသင်း နည်းပြ ရှောင်ဒိုက် ၃.၅ သန်း ၊ အဲဗာတန် နည်းပြ မာကိုဆေးလ်ဗားက တစ်နှစ်လုပ်ခပေါင် ၃ သန်း ၊ ၀ုဗ်အသင်း နည်းပြ ဆန်းတို့စ်ကတော့ တစ်နှစ်လုပ်ခပေါင် ၃ သန်းနဲ့ပဲ အသီးသီး ရပ်တည်နေပါတယ်။

နယူးကာဆယ်အသင်း နည်းပြ ဘင်နီတက်ဇ်ကတော့ တစ်နှစ်လုပ်ခ ပေါင် ၆ သန်း ရရှိပေမယ့် ယခုလမှာ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။

#ပယ်လီဂရီနီ