ရှေ့သို့
Image

အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေတဲ့ ပဲလေ့စ် တောင်ပံကစားသမား

2:40 PM, 27 June

ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့တောင်ပံကစားသမား ဇာဟာကတော့ သူဟာ ငယ်ငယ်ကတည်းက အာဆင်နယ် ပရိသတ်တစ်ဦးဖြစ်ပြီး လန်ဒန်ကလပ်အတွက် ကစားပေးချင်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆမ်းစပို့တ် သတင်းဌာနကတော့ အာဆင်နယ်အသင်း နည်းပြ အမ်မရီဟာ ခရစ္စတယ် ပဲလေ့စ်အသင်း တောင်ပံ ကစားသမားကို ခေါ်ယူပေးဖို့အတွက် ဘုတ်အဖွဲ့ထံ တောင်းဆိုထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ပဲလေ့စ်အသင်းကတော့ ၎င်းတို့ရဲ့တောင်ပံ ကစားသမားအတွက် ပေါင် ၈၀ သန်းလောက်အထိ အလိုရှိနေပြီး အာဆင်နယ်အတွက်တော့ အဆိုပါ ပမာဏဟာ အတော်လေး ခက်ခဲတဲ့ အနေအထားတစ်ရပ် အဖြစ် ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် တကယ်လို့သာ ပဲလေ့စ် တောင်ပံကစားသမားကို ခေါ်ယူလိုပါက တိုက်စစ်မှူး အူဘာမီယန်းကို ပြန်လည်ရောင်းချဖို့ လိုအပ်နေပါတယ်။

ပဲလေ့စ်အသင်းဟာ နောက်ခံလူ ၀မ်ဘစ်ဆာကာကို မန်ယူအသင်းထံ ရောင်းချထားပြီး ဖြစ်တာကြောင့် တောင်ပံကစားသမား ဇာဟာအတွက်လည်း အနည်းဆုံးပေါင် ၈၀ သန်းလောက် အလိုရှိနေတာ ဖြစ်ပြီး အဆိုပါ ပမာဏ ရမှာသာ မန်ယူကို ဇာဟာရဲ့အပြောင်းအရွှေ့အတွက် ၂၅ ရာခိုင်နှုန်း ပြန်လည် ပေးချေရမှာ ဖြစ်တာကြောင့် အခုလို တန်ကြေးမျိုး တောင်းဆိုနေတာ ဖြစ်ပါတယ်။

“ကျွန်တော်က ငယ်ငယ်ကတည်းက အာဆင်နယ်ပွဲတွေကို ကြည့်ပြီး အားပေးလာတာပါ။ အခုထက်ထိလည်း အာဆင်နယ်အသင်း ပရိသတ်ပါပဲ”လို့ သူက ဆမ်းစပေါ့ သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ထို့အပြင် ၂၀၁၇ ခုနှစ်တုန်းက အီတလီ ဂျာနယ်လစ် အဲလက်ဆန်ဒရို နဲ့တောင်ပံ ကစားသမား ဇာဟာ အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်ကလည်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေ အရတော့ တောင်ပံကစားသမား ဇာဟာဟာ အသင်းဖော် ၀မ်ဘစ်ဆာကာရဲ့နောက်လိုက်ဖို့ ပြင်ဆင်နေပြီး အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

အဆိုပါ ညာနောက်ခံ ကစားသမားလေး ၀မ်ဘစ်ဆာကာဟာ ယူနိုက်တက် အသင်းကို ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ကာ မကြာခင်မှာ အသင်းနဲ့ ဆေးစစ်မှုခံယူတော့မှာ ဖြစ်ပါတယ်။

#ဇာဟာ #၀မ္ဘစ္ဆာကာ