ရှေ့သို့
Image

လမ်းပတ်နဲ့ဆွေးနွေးဖို့ ချဲလ်ဆီးအသင်းကို ဒါဘီအသင်း ခွင့်ပြုချက်ပေးလိုက်ပြီ

9:33 PM, 25 June

ချဲလ်ဆီးအသင်းဟာ နည်းပြဟောင်းဆာရီရဲ့နေရာမှာ အစားထိုးနိုင်ရေးအတွက် ဒါဘီအသင်းနည်းပြ ဖရန့်လမ်းပတ်နဲ့ ဆွေးနွေးဖို့ အဆိုပါချန်ပီယံရှစ်ကလပ်ထံကနေ ခွင့်ပြုချက်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၄၁နှစ်အရွယ်ရှိ လမ်းပတ်ဟာ ကစားသမားဘ၀က ချဲလ်ဆီးအသင်းမှာ ၁၃နှစ်ကြာကျင်လည်ခဲ့ပြီး ဆုဖလား ၁၁ကြိမ်ရရှိခဲ့ကာ ဆာရီ အသင်းပြောင်းရွှေ့ဖို့ သေချာသွားပြီးချိန်ကတည်းက အသင်းဟောင်းကို ပြန်လည်ရောက်ရှိဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

နာပိုလီအသင်းနည်းပြဟောင်း ဆာရီဟာ ယခုလအစောပိုင်းက ဂျူဗင်တပ်စ်နည်းပြအဖြစ် စီးရီးအေကို ပြန်လည်ရောက်ရှိသွားခဲ့ပြီး ဒါဘီကလည်း ၂၀၁၈ မေလကမှ လမ်းပတ်ကို ၃နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ကာ ဒါဘီက လမ်းပတ်ရဲ့နည်းပြဘ၀ ပထမဆုံးကလပ်လည်းဖြစ်လာခဲ့ပါတယ်။ လမ်းပတ်ဟာ ဒါဘီအသင်းကို ချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီး အက်စ်တွန်ဗီလာကို အရေးနိမ့်ခဲ့လို့သာ ပရီးမီးယားလိဂ်တန်းတက်ခွင့် လွဲချော်သွားခဲ့တာပါ။

လမ်းပတ်ဟာ ချဲလ်ဆီးအတွက် ၂၁၁ ဂိုးသွင်းယူကာ အသင်းရဲ့ထာဝရဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေသလို သူ့ထက် ပွဲပိုကစားထားတဲ့ကစားသမားဆိုလို့ ၃ဦးပဲရှိပါတယ်။ ဆာရီဟာ ၂၀၁၈-၁၉ ရာသီက ပြိုင်ပွဲစုံ ၃၉ပွဲအထိအနိုင်ရရှိခဲ့ရာ ၂၀၀၄-၀၅ ရာသီက မော်ရင်ဟိုနောက်ပိုင်း ပွဲဦးထွက်ရာသီမှာ နိုင်ပွဲအများဆုံးရချဲလ်ဆီးနည်းပြအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

#ဒါဘီ