ရှေ့သို့
Image

နောက်ခံလူ အာနိုးလ်နဲ့ ရော်ဘတ်ဆန်တို့ကို ချီးကျူးခဲ့တဲ့ ဗန်ဒိုက်

4:59 PM, 25 June

လီဗာပူးအသင်း ဗဟိုနောက်ခံလူ ဗန်ဒိုက်ကတော့ ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းနောက်တန်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

အဆိုပါ ဆောက်သမ်တန် နောက်ခံလူဟောင်းဟာ လီဗာပူးအသင်း နောက်တန်းကို အကောင်းဆုံး ဦးဆောင်ခဲ့ပြီး သူပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ပီအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

ထို့အပြင် သူ (ဗန်ဒိုက်)ဟာ စပါးအသင်းကို အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့တဲ့ ပွဲစဉ်မှာလည်း အသင်းနောက်တန်းကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ခံလူ ဗန်ဒိုက်တော့ ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက်ပြသခဲ့တဲ့ နောက်ခံလူတွေဖြစ်တဲ့ ရော်ဘတ်ဆန်နဲ့ အာနိုးလ်တို့ကိုလည်း ချီးကျူး ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းကစားသမား တော်တော်များများက အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့ပါတယ်။ အသင်းဖော်တွေ အားလုံးကလည်း တကယ် ကောင်းခဲ့ပါတယ်”လို့ ဗန်ဒိုက်က  လီဗာပူးအသင်း တရားဝင် ၀က်ဘ်ဆိုဒ်ကို ပြောကြားခဲ့ပါတယ်။

“အသင်းကို ကြည့်လိုက်ရင် အတော်လေးကို အားရခဲ့ပါတယ်။ ရော်ဘတ်ဆန် ၊ အာနိုးလ်တို့ကလည်း တကယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်”လို့ သူက ပြောပါတယ်။

စကော့တလန်သား ရော်ဘတ်ဆန်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပွဲပေါင်း ၃၆ ပွဲမှာ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သလို နောက်ခံလူ အာနိုးလ်ကလည်း သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းကတော့ ပရီးမီးယားလိဂ်ဖလား ရရှိဖို့ နီးစပ်ခဲ့ပေမယ့်လည်း မန်စီးတီးအသင်းကို မကျော်ဖြတ်နိုင်ပဲ ဆုဖလားကို လက်လွှတ်ခဲ့ရပါတယ်။

“အသင်းရဲ့အနာဂတ်ကောင်းကိုတော့ မြင်တွေ့နေရပါတယ်။ ပြီးတော့ အသင်းမှာလည်း အသင်းဖော်ကောင်းတွေ ရှိတဲ့အတွက် ကျေနပ်မိသလို အသင်းရဲ့အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ လာမယ့် အနာဂတ်မှာလည်း အသင်းကို ဆုဖလားတွေ ဆက်လက် ရရှိအောင် စွမ်းဆောင် ပေးသွားမှာပါ”လို့ နောက်ခံလူ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ရောဘတ်ဆန် #အာနိုး