ရှေ့သို့
Image

လာမယ့် ရာသီသစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရ ယူသွားမယ်လို့ ဟန်ဒါဆန် ဖွင့်ဟ

4:24 PM, 25 June

လီဗာပူးအသင်း ကွင်းလယ်ကစားသမား ဟန်ဒါဆန်ကတော့ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပေမယ့်လည်း လာမယ့် ရာသီမှာတော့ ချန်ပီယံဆုကို အရယူသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းကတော့ လီဗာပူးအသင်းဟာ မန်စီးတီးအသင်းကို တစ်မှတ်အကွာနဲ့ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ ဂွာဒီယိုလာရဲ့မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဖလား ၃ လုံး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး အောင်မြင်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ရာသီတုန်းကတော့ ချန်ပီယံဆု ရရှိဖို့အတွက် အတော်လေး နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုမှ အစပဲ ရှိပါသေးတယ်။ လာမယ့်နှစ်မှာတော့ အခုထက် ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ရာသီတုန်းက ရမှတ် ၉၇ မှတ် ရရှိခဲ့ပြီး ချန်ပီယံဆုအတွက် အတော်လေး နီးစပ်ခဲ့တဲ့ အနေအထား တစ်ရပ်မှာ ရှိနေခဲ့ပေမယ့် ရာသီ ပြီးဆုံးချိန်မှာတော့ မန်စီးတီးအသင်းကို ရမှတ် ၁ မှတ်တည်းနဲ့ ချန်ပီယံဆု လက်လွှတ် ပေးခဲ့ရပါတယ်”လို့ ဟန်ဒါဆန်က ပြောပါတယ်။

“လာမယ့်ရာသီသစ်မှာတော့ အခုထက် ပိုကောင်းပြီး တည်ငြိမ်တဲ့ ပုံစံကောင်းတစ်ရပ်ကို ပြသသွားမှာပါ။ အသင်း ပရိသတ်တွေကလည်း အကောင်းဆုံး အားပေးကြပါတယ်။ အဲ့တွက်လည်း သူတို့ကို ကျေးဇူးတင်ပါတယ်။ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့တာကလည်း သူတို့ အားပေးမှုကြောင့်ဆို မမှားပါဘူး”လို့ ဟန်ဒါဆန်က ပြောပါတယ်။

လီဗာပူး အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုတော့ မန်စီးတီးအသင်းထံ လက်လွှတ်ခဲ့ရပေမယ့် ချန်ပီယံလိဂ် ဖိုင်နယ်မှာတော့ စပါးအသင်းကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။

“စပါးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်းရဲ့ခေါင်းဆောင်တစ်ဦး အနေနဲ့ ဦးဆောင်ပြီး ကစားခွင့်ရခဲ့သလို ၆ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကိုလည်း ရယူနိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ အဲ့ဖိုင်နယ်ပွဲကတော့ တစ်ဘ၀လုံးအတွက် အမှတ်ရနေမယ့် အမှတ်တရတစ်ခု ဖြစ်နေတော့မှာပါ”လို့ ဟန်ဒါဆန်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ရောဘတ်ဆန်